ကြက်သားကြော်ကို ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်စားချင်ပေမယ့် ကြော်နေရင်းနဲ့ ဆီစင်မှာတို့ ဆီပူလောင်မှာတို့၊ ဒါမှမဟုတ် မီးအပူရှိန်အောင် ပူအိုက်မှာတို့ကို စိုးရွံ့နေပါသလား။

ဆီပူ မီးပူခံစရာမလိုဘဲ ကြော်လို့ရတဲ့နည်းလမ်းလေးရှိပါတယ်။ အဲ့ဒါကတော့ Oven နဲ့ ကြော်ရမှာပဲဖြစ်ပါတယ်။ Oven နဲ့ကြော်တဲ့အခါ စာဖတ်သူကိုယ်တိုင်လည်း အလှမပျက်သလို အရသာရှိပြီး ကြွပ်ရွတဲ့ ကြက်ကြော်တုံးတွေကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၈ တုံး
  • ဆား၊ ငရုတ်သီးမှုန့်နှင့် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ကြက်သွန်ဖြူအမှုန့်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နွားနို့ ၂၅၀ မီလီလီတာ
  • သံပုယိုသီး တစ်ခြမ်းနှင့် ဆီအနည်းငယ်

  • Panko ပေါင်မုန့်အကြေအစများ ၈၃ ဂရမ်
  • ပြောင်းဖူးကြော်အကြေအစများ ၆၃ ဂရမ်
  • ချိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီအမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကြက်ပေါင်တုံးများကို ဆား၊ ငရုတ်သီးမှုန့်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ကြက်သားပေါ်သို့ နွားနို့လောင်းထည့်ပြီးနောက် သံပုယိုသီး တစ်ခြမ်း ညှစ်ထည့်ကာ ထိုသံပုယိုခွံကိုလည်း တစ်ခါတည်း ထည့်ထားလိုက်ပါ။

ထိုကြက်သားကို အနည်းဆုံး ၆ နာရီ (သို့) တစ်ညတာခန့် နှပ်ထားပေးရပါမယ်။

၃။ ကြက်သားက ကြော်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ ပေါင်မုန့်အကြေအစများ၊ ပြောင်းမှုန့်အကြေအစများ၊ ချိစ်၊ ဆား၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်တို့ကို သမအောင် ရောနှောထားလိုက်ပါ။

Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၄။ ထို့နောက် ကြက်ပေါင်တစ်တုံးချင်းစီကို ထိုအမှုန့်အရောအနှောများဖြင့် ကပ်ပေးလိုက်ပါ။

၅။ မုန့်ကြွပ်များကပ်နေတဲ့ ကြက်ပေါင်တုံးများကို လင်ဗန်းထဲထည့်ပြီးနောက် Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားပြီဆိုရင်တော့ သင့်ရဲ့ကြက်ကြော်တုံးလေးက ရွှေဝါရောင်သမ်းနေပြီး စားလိုက်ရင်လည်း ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိလွန်းလှပါတယ်။

Source: Fifteenspatulas.com