Pad Thai လို့ခေါ်တဲ့ ယိုးဒယား ဆန်ပြားကြော် နည်းလေးပါ။ ပြင်ဆင်ရတာလည်း လွယ်ကူပြီး လူတိုင်း ကြိုက်နှစ်သက်မဲ့ အစားအစာလေးပါ။
ပါဝင်ပစ္စည်းများ
ပဲကြာဇံ/Glass Noodle – ၁ထုပ် (သို့) ဆန်ပြား ၁၀ကျပ်သား
ကြက်ရင်ပုံအသေး – ၁ခု
ပုစွန်အနေတော် – ၄ကောင်
ပဲပင်ပေါက် – ၅ကျပ်သား
ကြက်ဥ – ၁လုံး
ပဲပြား – ၁တုံး
ကြက်သွန်နီအသေး – ၂လုံး
ကြက်သွန်ဖြူ – ၃မွှာ
မြေပဲဆံထောင်း – ထမင်းစားဇွန်း ၄ဇွန်း
ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း ၂ဇွန်း
ငါးငံပြာရည် – ထမင်းစားဇွန်း ၁ဇွန်း
ခရုဆီ – ထမင်းစားဇွန်း ၁ဇွန်း
သကြား – အနည်းငယ်
ကြက်သွန်မိတ် – ၂ပင်
ဆား – အနည်းငယ်
ငရုတ်သီးအကျက်မှုန့် – ထမင်းစားဇွန်း ၁ဇွန်း
ဆလတ်ရွက်
သံပုရာသီး – ၁လုံး
နံနံပင် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
ဆန်ပြား အခြောက်ဆို ၁၅မိနစ်ခန့် ရေစိမ်ပြီး ရေစစ်ပါ။ တချို့လည်း ကြာကြာ ရေစိမ်ရပါတယ်။ အစိုကို အသုံးပြုလျှင် ဒီအတိုင်း သုံးလို့ရပါသည်။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပါ။ ပဲပြားကို အတုံးသေးသေးလှီးပါ။
ကြက်ရင်ပုံကို ပါးပါးသေးသေးလှီးပါ။ ပုစွန်တွေကို ခေါင်းဖြုတ်၊ အခွံခွာ၊ ကျောလယ်က အမည်းကြောင်းကို ထုတ်ပြီး ရေဆေးပါ။
ကြက်သွန်နီကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ။ ကြက်သွန်မိတ်ကို အနေတော် လှီးဖြတ်ပါ။
ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထည့်ပါ။ ကြက်သားကို ဆက်ထည့်ပါ။ ပုစွန်တွေကို ဆက်ထည့်ပြီး မွှေပါ။ ပဲပြားတွေကို ဆက်ထည့်ပြီး မွှေပါ။ ဆန်ပြားတွေကို ထည့်မွှေပါ။
ကြော်ထားတာတွေကို ဒယ်အိုးဘေး တခြမ်းဖယ်ပြီး ကြက်ဥကို ကြော်ပါ။ ပြီးလျှင် ကြော်ထားတွေနှင့် ရောလိုက်ပါ။ ပဲပင်ပေါက်တစ်ဝက်ကို ထည့်ပြီးရောမွှေပါ။
ပဲငံပြာရည်အကြည်၊ ခရုဆီ ထည့်ပါ။ သကြားနှင့် ဆား အနည်းငယ် ထည့်ပြီး အရသာအပေါ့အငန်ပြင်ပါ။
စားမဲ့ ပန်းကန်ထဲ လိုသလောက် ခပ်ထည့်ပြီး မြေပဲဆံထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာသီး၊ ဆလတ်ရွက်၊ ပဲပင်ပေါက်တို့ဖြင့် အလှဆင်ပြီး ပြင်ပေးပါ။
လွယ်ကူ မြန်ဆန်ပြီး အရသာ ကောင်းမွန်သော ယိုးဒယား ဆန်ပြားကြော်လေး ရပါပြီ။
Credit: KaeKae’s FoodPalace