အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ငရုတ်ကောင်းမှုန့် ထည့်ချက်ထားတဲ့ ကြက်သားအိုးကပ်ကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား ၄၀၀ ဂရမ်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (မထည့်လည်း ရပါတယ်)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုုလပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျင်းအမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်သားပေါ် ဖြူးထည့်လိုက်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ဆမ်းထည့်ကာ သမအောင် နယ်ပါ။

ထို့နောက် ကြက်သားပန်းကန်ကို အုပ်ထားပြီး မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများကို ၃ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်၊ ၄ မိနစ်ခန့် ဆက်ကြော်လိုက်ပါ။

၄။ အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်နှင့် ကြက်သားနှပ်ထားစဉ်က ကျန်ခဲ့သောအရည်များကို ရောပေါင်းလိုက်ပါ။ ထို့နောက် ကြက်သားအိုးထဲသို့ လောင်းထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။

၅။ ဟင်းရည်ပျစ်ပျစ်လေး ဖြစ်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ကြက်သားဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mintyskitchen.blogspot.com