ထမင်းစားတဲ့အခါတိုင်း အစပ်တစ်မျိုးမျိုးပါမှ ထမင်းမြိန်တဲ့ Foodies လေးတွေ ဘယ်နှယောက်လောက်ရှိကြမလဲ မသိဘူးနော်။ စာရေးသူဆိုရင် ထမင်းတစ်ခါစားတိုင်း ငရုတ်သီး ၇ တောင့်၊ ၈ တောင့်လောက်ကတော့ အသာလေးပါပဲ။

စာရေးသူလို ရှူးရှူးရှဲရှဲ အစပ်ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ငရုတ်သီးအိုးကပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ငရုတ်သီး အတောင့်လိုက် ကိုက်စားနေတာထက်စာရင် အဆင့်တစ်ခုမြှင့်သွားတဲ့ အရံဟင်းတစ်ပွဲက ပိုပြီး အရသာရှိမှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

• ငရုတ်သီးစိမ်း ၆ တောင့်
• ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း တစ်ဝက်
• ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးများကို ရေဆေးပြီးနောက် ငရုတ်သီးရဲ့ထိပ်ပိုင်းကို ဓားဖြင့် လှီးဖြတ်ထားပါ။

၂။ ငရုတ်သီး တစ်ထောင့်ချင်းစီကို ဓားလက်ကိုင်ဖြင့် ပြားနေအောင် ဖိထောင်းလိုက်ပါ။

၃။ ထို့နောက် ငရုတ်သီးများကို သန့်စင်သောအဝတ်စဖြင့် ရေခြောက်အောင် သုတ်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ သကြားနှင့် ရေတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါကာ ငရုတ်သီးများကို ၃ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။

၆။ ထို့နောက် စောစောက မွှေထားသော အချဉ်ဆော့စ်ကို အိုးထဲလောင်းထည့်ပြီး အချဉ်ရည်များ ခန်းသွားသည်အထိ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ငရုတ်သီးကြော်ကို ပန်းကန်ထဲပြောင်းထည့်ပေးလိုက်ပါ။ ထို့နောက် အရံဟင်းအဖြစ် ထမင်း၊ အသားဟင်းတို့နဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com