တချို့ကျတော့ အပြင်မှာဝယ်စားရတာထက် ကိုယ်တိုင်လုပ်စားရတာလေးတွေကို ကြိုက်နှစ်သက်ကြတာပါ။ တချို့ကျတော့လည်း ဒီလိုတွေလုပ်စားရတာကို ဝါသနာပါကြပါတယ်။ ဒါကြောင့် Sandwich ကို ဝယ်စားနေကျနဲ့မတူပဲ ထူးဆန်းပြီး ပိုစားလို့ကောင်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ Sandwich ကောင်းကောင်းလေး ကိုယ်တိုင်လုပ်စားချင်ရင်တော့ ကြည့်ထားသင့်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် Blender ထဲကို ကြက်သွန်ဖြူ – ၂ တက် ထည့်ပေးပါ။ နံနံပင် – ခွက်တစ်ဝက်စာ၊ ပင်စိမ်း – ခွက်တစ်ဝက်စာနဲ့ အစေ့တွေထုတ်ထားတဲ့ ငရုပ်သီးအပွ – ၁ လုံးထည့်ပြီး သံပုရာသီအခွံကို နည်းနည်းခြစ်ထည့်ပေးပါ။ သံပုရာသီး အလုံးကြီး – ၁ ခြမ်းကို အရည်ညှစ်ချပါ။ အလုံးသေးရင် တစ်လုံးညှစ်ချပါ။ သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး မွှေလိုက်ပါ။ မွှေပြီးတာနဲ့ Mayonnaise – ခွက်တစ်ဝက်စာကိုပါ ထည့်ပြီး ထပ်မွှေပါ။

မွှေပြီးရလာတာတွေကိုတော့ ပေါင်မုန့်နှစ်ချပ်မှာ သုတ်ပေးရပါမယ်။ ပေါင်မုန့်က ပေါင်မုန့်ကြမ်းဆို ပိုကောင်းပါတယ်။ သုတ်ပြီးရင်တော့ အပေါ်မှာ ချိစ်ပြားတစ်ပြားစီတင်လိုက်ပါ။ ကြက်သားပြား (သို့) ပြုတ်ထားတဲ့ကြက်သားတွေကို တင်ပေးပါ။ အရွက်ကြိုက်တဲ့သူဆိုရင် ဟင်းနုနွယ်ရွက်လေးတွေ တင်ပေးလိုက်ပါ။ ပေါင်မုန့်နှစ်ချပ်ကို ထပ်လိုက်ပါ။

ပေါင်မုန့်ပေါ်မှာ ထောပတ်ကို ထပ်သုတ်ပေးပါ။ ပေါ်ကနေမှ ဝက်သားပြား (သို့) ကြက်သားပြားကို နှစ်ပြားလောက်တင်ပေးပါ။ ပြီးရင်တော့ နောက်တစ်ဖက်ကိုလှန်ပြီး ပေါင်မုန့်မှာ ထောပတ်သုတ်ပေးပါ။ ခုနကလိုပဲ ဝက်သားပြား (သို့) ကြက်သားပြားကို နှစ်ပြားလောက်တင်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ ဒယ်အိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။ ဟိုဘက်၊ ဒီဘက်လှန်ပြီး ကြော်ပေးပါ။ ဆီသုံးစရာမလိုပါဘူး။

ကြော်ပြီးတာနဲ့ ခူးထုတ်ပြီး ဓားနဲ့လှီးကာ စားသုံးနိုင်ပါပြီ။ ချိစ်တွေကတွဲလောင်းလေးနဲ့ အရမ်းစားကောင်းလို့ နောက်တစ်ခေါက်ထပ်စားချင်မှာ သေချာပါတယ်။ လုပ်ရတဲ့အဆင့်တွေကများပေမယ့် လုပ်ပြီးရင်လည်း အရမ်းစားကောင်းပါတယ်။

Photo Source: www.foodlovers.com