အာလူးကြိုက်တဲ့သူတွေကတော့များပါတယ်။ ဒါပေမယ့် အာလူးကြော်စားရင် အဆီတက်ပြီး အဆီဖုတွေလည်း ပိုထွက်စေပါတယ်။ ဒါကြောင့် အာလူးကိုစားချင်ရင် အိမ်မှာကိုယ်တိုင်လုပ်စားလို့ရအောင် အာလူးချိစ်မီးဖုတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ မီးဖုတ်ရမှာဖြစ်တဲ့အတွက် မုန့်ဖုတ်စက်ရှိမှ အဆင်ပြေပါမယ်။

အာလူးချိစ်မီးဖုတ်ပြုလုပ်ဖို့ ပုံစံခွက်မှာ ထောပတ်တွေကို အရင်သုတ်ထားပေးပါ။

အာလူးအကြီး – ၈ လုံး (သို့) ၁၀ လုံးကို အခွံတွေခွာပြီး အဝိုင်းပြားလေးတွေရအောင် ခြစ်ချပေးပါ။

အာလူးအားလုံးကိုခြစ်ချပြီးရင် ပန်းကန်လုံးအကြီးထဲကို ထည့်လိုက်ပါ။ ပြီးတာနဲ့ ထောပတ် – စားပွဲတင်ဇွန်း ၃ ဇွန်း၊ Permesan လို့ခေါ်တဲ့ ချိစ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ စမုန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။

သမအောင်နယ်ပြီးတာနဲ့ ခုနကထောပတ်သုတ်ထားတဲ့ပုံစံခွက်ထဲကို အာလူးအချပ်လေးတွေ ဆင့်ပြီးထည့်ပေးပါ။ အားလုံးထည့်ပြီးတာနဲ့ အပေါ်ကနေ စမုန်ဖြူလေးတွေနဲ့ ငရုပ်ကောင်းမုန့်လေးတွေကို ဖြူးပေးပါ။ နောက်ဆုံးမှာတော့ မုန့်ဖုတ်စက်ထဲ တစ်နာရီကြာအောင် ထည့်ထားလိုက်ပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ အာလူးချိစ်မီးဖုတ်ကို ရရှိသွားပါပြီ။

Photo Source: www.homecookingadventure.com