အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဝက်သားဆာတေး အကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ၂ လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၈ မြွှာ (ပါးပါးလှီးထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးစိမ်း အနည်းငယ်

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် ၁ စည်း
  • ဝက်သား ၁ ပေါင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ဆော့စ်အနှစ်များ ပြုလုပ်ရပါမယ်။

ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သကြား၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆန်ရှာလကာရည်၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ မန်ကျည်းသီးအနှစ်တို့ကို ဖျော်စက်ထဲထည့်ကာ အနှစ်များရအောင် မွှေဖျော်ပေးလိုက်ပါ။

၂။ ဝက်သားတုံးများကို ၁ လက်မခွဲပတ်လည် အတုံးငယ် တုံးထားပါ။

ဝက်သားများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ဆားနှင့် သမအောင် နယ်ထားပါ။ ထို့နောက် စောစောကဖျော်ထားသော အနှစ်များ ဆမ်းထည့်ကာ သမအောင် နယ်ပါ။

ထို့နောက် ဝက်သားပန်းကန်လုံးကို ပလပ်စတစ်ဖြင့် လုံအောင်ဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် ၄ နာရီမှ ၁၈ နာရီကြာအောင် နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့နောက်မှာတော့ ဝက်သားတုံးများကို တုတ်ထိုးဖြင့် အဆင်သင့်ထိုးထားလိုက်ပါ။

၄။ ထို့နောက် အကင်မီးဖိုကို အပူပေးပြီးနောက် ဝက်သားတုတ်ထိုးများကို မီးဖိုပေါ်တွင် တင်ထားလိုက်ပါ။ ဝက်သားနှပ်စဉ်က အသုံးပြုခဲ့တဲ့ အနှစ်များကိုဝက်သားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့် ကင်ပြီးပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်ကင်ပေးလိုက်ပါ။

ဝက်သားချောင်းများအားလုံး ကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားကင်လေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Allrecipes.com