မိမိအိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားတဲ့ သဘာဝနာနတ်ယိုက ဆေးသကြားကင်းစင်တဲ့အတွက်ကြောင့် သားသားမီးမီးတို့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပါဘူး။ ထိုသဘာဝနာနတ်ယို ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း များများစားစား မလိုအပ်ပါဘူး။

နာနတ်သီး၊ သံပုယိုသီး၊  သစ်ကြမ်းပိုးခေါက်နဲ့ သကြားတို့ ရှိရင်ပဲ အရသာရှိတဲ့ နာနတ်ယိုလေး လုပ်စားလို့ရပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပါဝင်ပစ္စည်း အချိုးအဆများနဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီးမှည့် ၁ လုံး
  • သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • တစ်လက်မအရှည်ရှိသော သစ်ကြမ်းပိုးခေါက်
  • သကြား ၂၀၁ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နာနတ်သီးကို ရေဆေး၊ အခွံခွာပြီးနောက် အတုံးခပ်သေးသေး လှီးဖြတ်ထားလိုက်ပါ။

၂။ ရရှိလာတဲ့ နာနတ်သီးအတုံးငယ်များကို ဖျော်စက်ထဲထည့်ကာ အရည်များ ထွက်လာသည်အထိ ဖျော်ပေးလိုက်ပါ။

နာနတ်သီးဖျော်ရည်နှင့် အနှစ်များ ဖန်ခွက် ၃ ခွက်စာ ရလာပါလိမ့်မယ်။

၃။ ထိုနာနတ်သီးအရည်နှင့် အနှစ်များကို အိုးမကပ်နိုင်တဲ့ ဒယ်အိုးထဲ ထည့်ပါ။ သစ်ကြမ်းပိုးခေါက်နှင့် သံပုယိုရည်တို့ထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ မကြာခဏမွှေပေးဖို့လည်း လိုပါတယ်။

၄။ ၁၅ မိနစ်လောက် မွှေပေးပြီးတဲ့နောက်မှာတော့ သကြားထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ (နောက်ထပ် ၅ မိနစ်ခန့်) မွှေပေးလိုက်ပါ။

၅။ သကြားများ ပျော်ဝင်သွားပြီဆိုတာနဲ့ နာနတ်ယိုများကို ခပ်နာနာလေး မွှေပေးဖို့ လိုလာပါပြီ။ နောက်ထပ် ၁၀ မိနစ်ခန့် နာနာလေး မွှေပြီးသွားတဲ့အခါမှာတော့ နာနတ်ရည်များလည်း ခမ်းသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ နာနတ်ယိုများကို သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲထည့်သိမ်းထားလိုက်ပါ။ ဒါဆိုရင်တော့ ၂ ပတ်လောက်အထိ အစားခံတဲ့ နာနတ်ယိုလေး ရရှိသွားပါပြီ။ ထိုဖန်ပုလင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်တော့ သုံးလတိတိ အထားခံပါတယ်။

Source: Xantilicious.com