အားလုံးပဲ မင်္ဂလာပါ။ ပူအိုက်တဲ့နွေရာသီအတွက် အကောင်းဆုံးကတော့ အေးမြလန်းဆန်းစေတဲ့ သစ်သီးဖျော်ရည်လေးတွေပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နာနတ်သီးဖျော်ရည်လေး လုပ်သောက်ကြည့်လိုက်ရအောင်။

နာနတ်သီးဆိုပေမယ့် ငှက်ပျောသီးနဲ့ မက်မွန်သီးအနည်းငယ်ပါ ထပ်ထည့်ပေးမယ်ဆိုရင်တော့ ပိုအရသာရှိမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး ပန်းကန်လုံး ၁ လုံးစာ (၂၂၅ ဂရမ်)
  • မက်မွန်သီး ၁ လုံး
  • ငှက်ပျောသီး တစ်ဝက်
  • ရေခဲတုံးအနည်းငယ်
  • ရေ ၁၁၇ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲ ပေါင်းထည့်လိုက်ပါ။ သစ်သီးများရဲ့ အတုံးအခဲတွေ အနှစ်ဘဝပြောင်းသွားသည်အထိ ၁ မိနစ်မှ ၂ မိနစ်အထိ မွှေပေးရပါမယ်။

၂။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီး အရသာရှိရှိ သောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

နာနတ်သီးက အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓာတ်၊ အင်ဇိုင်းနဲ့ Antioxidants များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထိုအသီးက ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးတဲ့အပြင် အရိုးများသန်မာအောင် ကူညီပေးပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အသီးမှာ အချိုဓာတ်ပါဝင်ပေမယ့်လည်း ကယ်လိုရီဓာတ်ကတော့ နည်းပါးစွာပါဝင်တာကြောင့် ဝိတ်တက်မှာလည်း မပူရသလို ဆီးချိုသမားတွေလည်း အနည်းငယ် စားသုံးနိုင်ပါတယ်။ မျက်လုံးအားလည်း ကောင်းစေတဲ့ အသီးတစ်မျိုးဆိုလည်း မမှားပါဘူး။

မက်မွန်သီးက ပေးစွမ်းတဲ့ကောင်းကျိုးတွေကလည်း ထပ်တူနီးပါး တူညီပါတယ်။ အမြင်အာရုံကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အစာချေစနစ်အတွက် အထူးကောင်းမွန်တဲ့ အသီးတစ်မျိုးပါပဲ။

ငှက်ပျောသီးကတော့ အစာအိမ်၊ နှလုံးနဲ့ ကျောက်ကပ်အတွက် အထူးကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်သူများအနေနဲ့ အမောအပန်းဒဏ်ခံနိုင်အောင် အာဟာရပြည့်ဝအောင်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲမှုဝေဒနာများကို လျော့ပါးသက်သာစေဖို့အတွက် လေ့ကျင့်ခန်းမလုပ်မီနဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ စားသုံးသင့်တဲ့အသီးတစ်မျိုးပါ။

ဒီပါဝင်ပစ္စည်း သုံးမျိုးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးပြုတဲ့ဖျော်ရည်တစ်မျိုးဖြစ်သွားပါတယ်။

Source: hthepetitecook.com