အားလုံးပဲ မင်္ဂလာပါ။ ချိုချိုရဲရဲအစားအစာတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ထမင်းစားပြီးတဲ့အခါ အချိုတည်းနိုင်မယ့် ငှက်ပျောကြော် အချိုပွဲပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် ၂၀၀ ဂရမ်
- တဆေး ၄ ဂရမ်
- နွားနို့နွေးနွေးလေး ၁၇၅ မီလီလီတာ
- ထောပတ် ၂၀ ဂရမ် (အရည်ဖျော်ထားလိုက်ပါ)
- ကြက်ဥ ၁ လုံး
- ငှက်ပျောသီးမှည့် ၂ လုံး (အနှစ်များရအောင် ချေမွထားလိုက်ပါ)
- သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ဟင်းသီးဟင်းရွက်ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇလုံတစ်လုံးထဲမှာ တဆေးနှင့် နွားနို့တို့ကို ရောနှောပြီးနောက် ၅ မိနစ်ခန့် ထားထားလိုက်ပါ။
၂။ အခြားဇလုံတစ်လုံးထဲမှာတော့ ဂျုံမှုန့်၊ ထောပတ်၊ ကြက်ဥ၊ သစ်ကြမ်းပိုးခေါက်၊ သကြားနှင့် ဆားတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော တဆေး နွားနို့အရောအနှောကို ဂျုံမှုန့်ဇလုံထဲသို့ လောင်းထည့်ပြီးနောက် သမအောင် ထပ်နယ်လိုက်ပါ။
၃။ သမအောင် နယ်ပြီးသွားတဲ့အခါမှာတော့ ငှက်ပျောသီးအနှစ်များကို ဇလုံထဲသို့လောင်းထည့်ပြီး ထပ်မွှေပေးရပါမယ်။ ထို့နောက် ဇလုံကို ပလစ်စတစ်အုပ်ပြီးနောက် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။
၄။ နောက်ဆုံးတစ်ဆင့်အနေနဲ့ ငှက်ပျောသီးဖတ်များ ထည့်ကြော်ရပါတော့မယ်။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငှက်ပျောသီးနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို အိုးထဲထည့်ပြီး ၂ မိနစ်ခန့်ကြော်ပေးရပါမယ်။ ငှက်ပျောတုံးများ ရွှေညိုရောင်ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောကြော်လေး ရရှိသွားပါပြီ။ မိရောနိစ်လေးနဲ့ တို့စားမယ်ဆိုရင်တော့ အင်မတန်လိုက်ဖက်ပါတယ်။
Source: Asianfoodchannel.com