ထမင်းကြော်ကို ဒီတိုင်းစားရတာရိုးပါတယ်။ ထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင် ကိုရီးယားမှာ နာမည်ကြီးပြီး ပေါ်ပြူလာဖြစ်တဲ့ Omurice ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ အပေါ်ကနေ ကြက်ဥအုပ်ကြော်ထားပြီး ဘေးဘက်မှာ ဆော့စ်စပ်ထားတာကို ထည့်ထားတာမို့ အရမ်းအရသာရှိပါတယ်။ ကိုရီးယားအစားအစာကြိုက်သူတွေဆိုရင်တော့ သေချာပေါက်ကို ကြိုက်ကြမှာပါ။

ပန်းကန်ထဲကို ကြက်ဥ ၃ လုံးဖောက်ထည့်ပြီး ဆား အနည်းငယ်ထည့်ကာ မွှေပေးပါ။

မီးဖိုပေါ်ကို ဒယ်အိုးအသေးလေးတင်ပြီး ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ ပြီးတာနဲ့ ရေနွေး – တစ်ခွက် (၁၇၀ မီလီလီတာ) ထည့်မွှေပါ။

သကြားညို – စားပွဲတင်ဇွန်းတစ်ဝက်၊ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပါ။ စက္ကန့် ၃၀ လောက်တည်ထားပြီး မွှေပေးနေပါ။ အချိန်လည်းပြည့်ပြီး ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်ကချထားလိုက်ပါ။

ကြက်သွန်နီအလုံးကြီး တစ်ခြမ်းကို သေးသေးလေးတွေဖြစ်အောင် လှီးပါ။ မုန်လာဥနီတစ်လုံးကိုလည်း သေးသေးလေးတွေဖြစ်အောင် လှီးပေးပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီနဲ့ မုန်လာဥတွေထည့်မွှေပါ။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် (Cooking wine) – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပေးပါ။

ချက်ထားတဲ့ထမင်း ပန်းကန်လုံးတစ်လုံးစာကိုထည့်ပြီး သမအောင်မွှေပါ။ ထမင်းက ပျော့ပျော့လေးချက်ထားရင် ပိုကောင်းပါတယ်။

သမအောင်မွှေပြီးရင် ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်မွှေပါ။ ခဏလောက်ကြော်ပေးပြီး ရပြီဆိုရင်တော့ ပုံစံခွက်လေးဖြစ်သွားအောင် ပန်းကန်လုံးထဲ သိပ်ထည့်ပြီး ပန်းကန်ပြားထဲ မှောက်ချပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပထမဆုံးခလောက်ထားတဲ့ ကြက်ဥတွေကိုထည့်ပြီး အလယ်ကနေ ပုံမှာပြထားတဲ့အတိုင်း တူနဲ့ လှည့်လိုက်ပါ။

ရပြီဆိုရင်တော့ သေချာပုံမပျက်အောင်ယူပြီး ထမင်းပေါ်တင်ပါ။

ဘေးပတ်ပတ်လည်မှာတော့ ဒုတိယအဆင့်မှာကျိုထားတဲ့ ဆော့စ်တွေကို ထည့်ပေးပါ။

နောက်ဆုံးမှာတော့ ကိုယ်အဆင်ပြေသလို ကြိုက်သလို အလှဆင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကိုရီးယားမှာ နာမည်ကြီးပြီး ပေါ်ပြူလာဖြစ်နေတဲ့ Omurice ကို ရရှိသွားပါပြီ။

Sourcce: www.delicious day