အားလုံးပဲ မင်္ဂလာပါ။ အသားပေါင်း ဖက်ထုပ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရစ်စတယ်လို ကြည်လင်နေတဲ့ ဝက်သားဖက်ထုပ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် ၁၀၀ ဂရမ်
  • ဂျုံမှုန့် ၂၅ ဂရမ်
  • ဆားအနည်းငယ်
  • ရေနွေးပူ ၁၂၅ မီလီလီတာ
  • ဆားထည့်ကာ ပြုတ်ထားသော ကြက်ဥအနှစ် ၁ လုံး

ဝက်သားအစာသွပ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ဝက်သား ၂၅၀ ဂရမ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံးတစ်လုံးစာ
  • ကြက်ဥ ၁ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဝက်သား၊ ငရုတ်ကောင်းမှုန့် နှင့် ဆားတို့ကို သမအောင် နယ်ပြီးနောက်ကြက်ဥ ၁ လုံးဖောက်ထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

ဇလုံအကြီးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ကို သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် စောစောက နယ်ထားသော ဝက်သားကို ထိုဇလုံအကြီးထဲထည့်ပြီး ထပ်နယ်ပေးပါ။ ထို့နောက် ဇလုံကို အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

၂။ ပြောင်းမှုန့်နှင့်ဆန်မှုန့်တို့ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီးနောက် ဆားထည့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် ရေနွေးပူ ၁၂၅ မီလီလီတာ လောင်းထည့်ကာ ဇလုံကို အဖုံးဖုံးထားပြီး ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

အချိန်ပြည့်ပါက ထိုဂျုံလုံးကို စဉ်းနီတုံးပေါ်တင်ပြီး ဂျုံသားကျစ်သွားအောင် လုံးပေးလိုက်ပါ။

၃။ ထိုဂျုံလုံးကို ပုဝါအသန့်တစ်ထည်ဖြင့် ၁၀ မိနစ်ခန့် အုပ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ဂျုံလုံးကို ၁၂ ပိုင်းရအောင် ဖြတ်ကာ တစ်ပိုင်းချင်းစီကို စက်ဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်ပေးလိုက်ပါ။ ထို့နောက် ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်ပေါ်သို့ ဝက်သားအစာသွပ်စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ကာ ဂျုံပြားကို ပိရမစ်ပုံသဏ္ဍာန် ပိတ်ထားလိုက်ပါ။

၄။ ပိရမစ်ပုံ ဖက်ထုပ်ရဲ့ထိပ်ပိုင်းကို ချေမွထားသော ကြက်ဥအနှစ်ဖြင့် ပိတ်ထားလိုက်ပါ။

၅။ ထို့နောက် ဖက်ထုပ်များအားလုံးကို ပေါင်းအိုးထဲထည့်ပြီး ၆ မိနစ်မှ ၈ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ကြက်သွန်မြိတ် ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com