မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းထဲမှာ ငါးပိရည်နဲ့ တို့စရာက မပါမဖြစ်အရာတစ်ခုဖြစ်သလို ကိုရီးယားလူမျိုးတွေအတွက်ကတော့ ကင်ချီကလည်း မရှိမဖြစ်လိုအပ်တဲ့ အရံဟင်းတစ်မျိုးပါပဲ။ ဒီတစ်ခေါက်မှာတော့ ကိုရီးယားအစားအစာတွေ ကြိုက်နှစ်သက်တဲ့ အစားအသောက်ချစ်သူတွေအတွက် ကင်ချီ ဝက်သုံးထပ်သားကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ဝ.၅ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • နှမ်းစေ့ လက်တစ်ဆုပ်စာခန့်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်းတစ်ဇွန်း

  • ဝက်သား သုံးထပ်သား ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ငရုတ်သီးအနှစ်၊ ပဲငံပြာရည် သကြားတို့ဖြင့် သမအောင် နယ်ပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ၃ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ ကြက်သွန်နီက အညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ဝက်သုံးထပ်သားထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ကင်ချီထည့်ပြီး ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကင်ချီ ဝက်သုံးထပ်သားကြော်လေး ရရှိသွားပါပြီ။ ပန်းကန်ထဲပြောင်းထည့်ကာ နှမ်းဆီဆမ်းပေးလိုက်ပါ။ ထို့နောက် နှမ်းစေ့ဖြူးပေးလိုက်ပါ။ ဒါဆိုရင်တော့ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com