အခုဖော်ပြပေးမယ့် ဝက်သားပြားကြော် ပြုလုပ်နည်းကတော့ အသားညှပ်ဘာဂါများ လုပ်စားတဲ့အခါ အသားပြားကြော်အဖြစ် တွဲဖက်စားသုံးနိုင်သလို အဆာပြေမုန့်အဖြစ်လည်း စားသုံးနိုင်ပါသေးတယ်။ ထမင်းနဲ့တွဲစားမယ်ဆိုရင်တော့ မှိုဆော့စ်လေး ဆမ်းစားတဲ့အခါ ပိုအရသာရှိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကြက်ဥ (သို့) ဘဲဥ ၁ လုံး

မှိုဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ခနောဝက်သားတုံး ၁ တုံး
  • မှို ၄ အောင်စ (ပါးပါးလှီးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဘက်စုံသုံးဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသောဝက်သား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ ကြက်ဥ ၁ လုံးတို့ ဖောက်ထည့်ကာ သမအောင် ရောနယ်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများ ထည့်ကာ သမအောင် ထပ်နယ်ပါ။

၂။ ရရှိလာတဲ့ ဝက်သားအရောအနှောကို စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် ခပ်ယူကာ ဘောလုံးပုံသဏ္ဍာန် လုံးပါ။ ထို့နောက် ပြားသွားအောင် လက်ဖဝါးနှစ်ဖက်ဖြင့် ဖိလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဝက်သားပြားများ ထည့်ကာ အဖုံးအုပ်ပြီး ၄ မိနစ်ခန့်ကြော်ပါ။ ၄ မိနစ်ပြည့်ပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ထပ်ကြော်ပါ။ ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ အဖုံးအုပ်ထားပြီး ၃ မိနစ်ခန့် ပေါင်းပါ။

ရရှိလာတဲ့ ဝက်သားပြားကြော်ကို ပန်းကန်ပြားထဲ ထည့်ထားလိုက်ပါ။ ကျန်ရှိနေတဲ့ဝက်သားပြားများကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ မှိုဆော့စ် ပြုလုပ်ရပါမယ်။

ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်သွားပါက မှိုထည့်ပါ။ စက္ကန့် ၃၀ ကြာ မွှေကြော်ပြီးတဲ့နောက်မှာတော့ ဂျုံမှုန့်များကို နည်းနည်းချင်းစီထည့်ကာ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် မီးအေးအေးဖြင့် ကြော်ရပါမယ်။

၅။ ထို့နောက် ရေ နည်းနည်းချင်းစီလောင်းထည့်ကာ အရည်ပျစ်ပျစ်လေးဖြစ်သွားသည်အထိ မွှေပေးပါ။

၆။ မှိုဆော့စ်က ဆူပွက်လာပြီဆိုရင်တော့ ခနောဝက်သားတုံးလေးထည့်ကာ အရည်ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၇။ ရရှိလာတဲ့ မှိုဆော့စ်ကို ဝက်သားပြားကြော်ပေါ်သို့ ဆမ်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ မှိုဆော့စ် ဝက်သားပြားကြော်လေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com