ဝက်သားဆိုရင် ပြုတ်ကြော်လုပ်တာနဲ့ ဟင်းချက်စားတာလောက်ပဲ လုပ်ကြတာများပါတယ်။ ဝက်သားကို ဟင်းချက်တဲ့အခါမှာ ကြည့်လိုက်တာနဲ့တင် စားချင်စရာကောင်းပြီး အရည်ရွှဲရွှဲလေးနဲ့ အရင်ထက်ပိုအရသာရှိသွားအောင် ဘယ်လိုချက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး လှီးထားတဲ့ကြက်သွန်နီ – ၁ လုံးစာကိုထည့်ပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၃ တက်ကိုလည်းထည့်မွှေပါ။ ပြီးတာနဲ့ အတုံးသေးလေးတွေတုံးထားတဲ့ ဝက်သား – ၁ ကီလိုစာထည့်ပြီး  ၅ မိနစ်လောက်မွှေနေပေးပါ။

ပဲငံပြာရည် – ခွက်တစ်ဝက်စာထည့်ပြီး သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပါ။ ခရမ်းချဉ်သီးဆော့စ် – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာထည့်ပြီး ရေ – ၁ ခွက်စာထည့်မွှေပါ။ ပြီးရင်တော့ မိနစ် ၃၀ လောက်တည်ထားလိုက်ပါ။

မိနစ် ၃၀ ပြည့်တာနဲ့ မုန်လာဥနီကို အတုံးကြီးကြီးလေးတွေတုံးပြီး ခွက်တစ်ခွက်စာထည့်ပေးပါ။ အတုံးကြီးကြီးတုံးထားတဲ့ အာလူးကိုလည်း ခွက်တစ်ခွက်စာထည့်ပါ။ ဆားနဲ့ ငရုပ်ကောင်းမှုန့်ကို အနည်းငယ်ထည့်ပြီး ၁၅ မိနစ်လောက်တည်ထားလိုက်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး ထမင်းနဲ့တွဲဖက်စားသုံးနိုင်ပါပြီ။ ချက်နေကျပုံစံတွေထဲက ကွဲထွက်သွားတာဖြစ်လို့ စားကောင်းမှာသေချာပါတယ်။ ပိတ်ရက်မှာ မိသားစုစုံတုန်း ဒီလိုလေးလုပ်စားသင့်တယ်နော်။

Photo Source: www.yummyph.com