အရင်တခါက ဝက်သားချဉ်လုပ်နည်းလေးတင်ပေးပြီးပြီဆိုတော့ ဒီတစ်ခါက ချက်နည်းလေးအလှည့်ပေါ့နော်။ နေ့စဉ်စားဖူးနေတဲ့ ဝက်သားဟင်းအရသာတွေနဲ့ မတူဘဲ တမူဆန်းတဲ့ အရသာလေးကိုပေးစွမ်းနိုင်တာကြောင့် မိသားစုနဲ့အတူတူ မြိန်ရေရှက်ရေစားနိုင်ဖို့ ယခုပဲချက်ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • အချဉ်သိပ်ပြီးသား ဝက်သားချဉ် – ၅၀ ကျပ်သား
  • ငရုတ်သီးခြောက်အနီအပွ – ၇ တောင့်
  • ကြက်သွန်နီ – ၂ ဥ
  • ကြက်သွန်ဖြူ (ဥကြီး) – ၁၀ မြွှာ

  • ရှမ်းနံနံ (သို့) တရုတ်နံနံ – ၇ ပင်ခန့်
  • ဆား/သကြား – အနည်းငယ်စီ
  • ဆီ – ၅ ကျပ်သား
  • ငံပြာရည် (အချို) – အနည်းငယ်

ချက်ပြုတ်ပုံ

အချဉ်သိပ်ထားတဲ့ ဝက်သားကို ရေနဲ့သေသေချာချာဆေးပေးရပါမယ်။ ကြက်သွန်ဖြူ၊ နီ နဲ့ ငရုတ်သီးတွေကို အနှစ်အတွက် ပြင်ဆင်ပါ။ ပြီးရင်ဟင်းချက်မယ့်ဒယ်ထဲကို ဆီထည့်ပြီးဆီသပ်ပါ။ ငရုတ်သီးလည်း စိမ်းနံ့ပျောက်၊ ကြက်သွန်တွေလည်း နွမ်းပြီဆိုရင် ဝက်သားချဉ်ကို ဒယ်ထဲထည့်မွှေပါ။ ဟင်းအရသာရှိဖို့ သကြား၊ ဆား၊ ငံပြာရည်သင့်တော်သလို ထည့်ပါ။ နောက်ဆုံး ဝက်သားနူးအောင် ရေနည်းနည်းထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်ကာ ဆက်တည်ပါ။

ဟင်းအိုးထဲက ဝက်သားနူးပြီး ဟင်းဆီပြန်လာလျှင် နံနံပင်ကို လက်တစ်ဆစ်ဖြတ် ရေဆေးထည့်ပေးရုံပါပဲ။ ရှမ်းနံနံ အနံ့လေးမွှေးနေတဲ့ ဝက်သားချဉ် ဟင်းတစ်ခွက်ရပါပြီ။

Credit : အန်တီမီးမီး