အာဟာရပြည့်ဝပြီး ကျန်းမာဖို့အတွက် တစ်ရက် တစ်ရက် ထမင်းနဲ့ ဟင်းချည်းပဲ စားရတာ ငြီးငွေ့နေကြပြီနဲ့ တူပါတယ်။

တစ်ခါတလေ ထမင်းမစားချင်တဲ့အချိန်မှာ ထမင်းအစား အာဟာရပြည့်ဝမယ့် အစားအစာတစ်ခု စားသုံးဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ထမင်းအစားထိုး စားသုံးနိုင်မယ့် ချိစ်အရသာ အမဲသား အာလူးစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်ခွဲ (အတုံးခပ်သေးသေး တုံးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျုံမှုန့် ၃၂ ဂရမ်

  • အာလူး ၉၀၀ ဂရမ် (အခွံခွာပြီး အနေတော် အတုံးတုံးထားပါ)
  • နွားနို့ ၃၇၅ မီလီလီတာ
  • အမဲပြုတ်ရည် ၇၅၀ မီလီလီတာ
  • ချိစ် ၂၀၀ ဂရမ်
  • တရုတ်နံနံ ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စွပ်ပြုတ်တည်မယ့် အိုးကို အပူပေးထားပြီးနောက် ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ထောပတ်များ အရည်ပျော်သွားပြီဆိုရင်တော့ အမဲသားများထည့်ပြီး မွှေပေးလိုက်ပါ။ အမဲသားများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ အသားတုံးများကို ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

၂။ ထိုအိုးထဲတွင်ပင် ကျန်ရှိသော ထောပတ်များထည့်လိုက်ပါ။ ထောပတ်များ အရည်ပျော်သွားပြီဆိုရင်တော့ ကြက်သွန်နီထည့်ကာ ၁၀ မိနစ်ခန့် ဆီသတ်ပေးရပါမယ်။ ကြက်သွန်ဖြူ ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးပါ။ ထို့နောက် ဂျုံမှုန့်ထည့်ပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ အဆက်မပြတ်မွှေပေးရပါမယ်။ ပြီးမှ နွားနို့နှင့် အမဲပြုတ်ရည်တို့ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

၃။ ထို့နောက် ချိစ်များထည့်ပြီး အရည်ပျော်သွားသည်အထိ တည်ထားလိုက်ပါ။ ချိစ်များ အရည်ပျော်သွားပြီဆိုရင်တော့ တရုတ်နံနံ၊ အာလူးနှင့် အမဲသားတို့ထည့်ပြီး အဖုံးပိတ်ထားကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ အာလူးများ နူးအိသွားဖို့အတွက်ဆိုရင်တော့ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ကြာပါလိမ့်မယ်။

၄။ အာလူးများ နူးအိသွားတဲ့အခါ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ နောက်ဆုံးမှာတော့ ချိစ်အနံ့လေး သင်းနေတဲ့ အမဲသား အာလူးစွပ်ပြုတ် တစ်ပွဲ ရရှိသွားပါပြီ။

စွပ်ပြုတ်ချည်းပဲ သောက်မယ်ဆိုရင်လည်း အာဟာရပြည့်ဝမှာဖြစ်သလို ထမင်းနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း လိုက်ဖက်မှုရှိပါတယ်။

Source: Keviniscooking.com