အိမ်မှာ မုန့်လုပ်စားချင်ပေမယ့် လွယ်လွယ်ကူကူ လုပ်စားလို့ရတာမျိုးပဲ လုပ်စားချင်တယ်ဆိုတဲ့သူတွေအတွက် Potato Omelette ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အာလူးကြိုက်သူတွေလည်း အကြိုက်တွေ့မှာပါ။

အာလူး – ၂ လုံးကို အခွံခွာပြီး သေးသေးပါးပါးလေးတွေ လှီးထားပါ။ လှီးပြီးရင် ရေခဲရေနဲ့ ဆေးပေးပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ၂ မိနစ်လောက် မွှေနေပေးပါ။

လှီးထားတဲ့အားလူးတွေ ထည့်မွှေပြီး ငရုပ်သီးအစိမ်းမှုန့် – အနည်းငယ်၊ နနွင်းမှုန့် – အနည်းငယ်နဲ့ ဆား – အနည်းငယ်ထည့်ပြီး ကြော်ပေးပါ။ မွှေနေပေးပါ။ ၈ မိနစ်လောက် မွှေပြီးရင်တော့ အာလူးလည်း နူးလောက်ပြီမို့ မီးပိတ်ထားလိုက်လို့ရပါပြီ။

ပန်းကန်လုံးထဲကို ကြက်ဥ – ၂ လုံးဖောက်ထည့်ပြီး ဆား – အနည်းငယ်နဲ့ နံနံပင် – အနည်းငယ်ကို သေးသေးလေးတွေ လှီးထည့်ပါ။ ကြက်သွန်မြိတ်ကိုလည်း သေးသေးလေးတွေလှီးပြီး နည်းနည်းထည့်ပါ။ ငရုပ်သီးမှုန့်လည်း – အနည်းငယ်ထည့်ပြီး ခလောက်ပေးပါ။

သေချာခလောက်ပြီးရင်တော့ ခုနကကြော်ထားတဲ့ အာလူးတွေပါထည့်မွှေပါ။

နောက်ဆုံးမှာတော့ ဒယ်အိုးထဲကိုဆီထည့်ပြီး ခလောက်ထားတာတွေကို အကုန်ထည့်ကြော်ပါမယ်။ ကြက်ဥကြော်သလိုပါပဲနော်။

ရပြီဆိုရင်တော့ ပန်းကန်ထဲထည့်၊ ဓားနဲ့လှလှပပလေးလှီးပြီး အချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ Potato Omelette လုပ်နည်းလေး ပြီးသွားပါပြီ။

Source: www.toasted