အခုလို ရာသီမှာ သိပ်လိုက်ဖက်သော အရံ ဟင်းပွဲလေးပါ။ မနက်စာ ထမင်းကြော်နှင့် အတွဲ သိပ်လိုက်လို့ အိမ်မှာရော စားဖူးသော သူငယ်ချင်း မိတ်ဆွေများ ကပါ အမြဲထောင်းခိုင်းသော ဒီငါးပိထောင်းလေးကို ပူစပ်ပူစပ်နှင့် လျာလည်သွားစေရန် ထောင်းစားကြည့်လိုက်နော်… ။
ပါဝင်ပစ္စည်းများ
- ငရုတ်သီး စိမ်း – ၁ဝ ကျပ်သား (အစပ်မျိုး၊ အညှာခြွေထားပါ)
 - စိမ်းစားငါးပိ – စားပွဲဇွန်း ၂ ဇွန်းခွဲ (ငါးပိကို မီးပူရုံလေးနှင့် ဖုတ်ပါ။ မွှေးလာသည်ထိပါ)
 - ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
 - သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
 - မန်ကျည်းအဆန်ချောင် – ၇ တောင့် (အခွံခွာပြီး အသားများပါးပါးလှီးထားပါ)
 - ပုစွန်ခြောက်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
 - ပူစီနံ – ၁ စည်း (အရွက်ခြွေထားပါ)
 
ပြုလုပ်နည်း
- စိမ်းစားငါးပိကိုဖုတ်ရာမှာ မီးမျှင်မျှင်လေးနဲ့ဖုတ်ပြီး မတူးပါစေနှင့်။ အနံ့မွှေးရုံသက်သက်ပါ။
 - ငရုတ်သီးကို အရင်ညက်အောင်ထောင်းပေးပါ။ ပြီးလျှင် မန်ကျည်းအသားဖတ်များထည့်ပြီး အတူထောင်းပေးပါ။ (ကြိတ်စက်နဲ့ ကြိတ်လျှင် ပိုမြန်ပြီး ငရုတ်စေ့တွေလည်း ညက်လွယ်ပါတယ်)
 - ညက်လာသော ငရုတ်သီးထဲ ကျန်ပစ္စည်းများထည့်ပြီးထောင်းပါ။
 - ဆား အပေါ့၊ အငန်မြည်းပြီးလျှင် လေလုံဘူးထဲမှာထည့်ပြီး ကြာကြာ အထားခံအောင် ရေခဲသေတ္တာထဲမှာ ထားလို့ရပါတယ်။
 - စားသုံးခါနီးမှ ရေခဲသေတ္တာထဲကနေ မိနစ်ကြိုထုတ်ထားပါ။ စားမယ့်လောက်ကို ပန်းကန်ထဲထည့်ပြီး ကြိုက်နှစ်သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။