ပါစတာချစ်သူတွေနဲ့ အသစ်အဆန်းလေးတွေကို အိမ်မှာလုပ်စားချင်တဲ့သူတွေ၊ မိသားစုကို လုပ်ကျွေးချင်တဲ့သူတွေအတွက် အရသာရှိတဲ့ ပါစတာချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါစတာချက်ဖို့အတွက် အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ရေ ၅ ခွက် ထည့်တည်ပါ။ ရေနွေးဆူလာပြီဆိုရင် ပါစတာ (whole grain pasta) ကို ခွက်တစ်ခွက်ခွဲစာထည့်ပါ။ ဆား – အနည်းငယ်နဲ့ ဆီ – လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ထည့်ပြီးမွှေပါ။ ပါစတာနူးလာအောင် တည်ထားလိုက်ပါ။ ပါစတာနူးရင် ရေစစ်ထားလိုက်ပါ။

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၃ တက်စာကို ထည့်မွှေပါ။

ခဏမွှေပြီးတာနဲ့ ကြက်သွန်နီအလုံးသေး – ၄ လုံးကို လှီးပြီး ထည့်ကြော်ပါမယ်။ ၃ မိနစ်လောက် မွှေနေပေးပါ။
မှိုကြိုက်တဲ့သူဆိုရင် မှိုထည့်ပါမယ်။

လှီးထားတဲ့ ပန်းငရုပ်ပွနဲ့ ခြွေထားတဲ့ ပြောင်းဖူး – စားပွဲတင်ဇွန်း ၂ ဇွန်းစာတို့ကိုလည်း ထည့်ကြော်ပါမယ်။ ၃ မိနစ်လောက် မွှေပြီး ကြော်နေပေးပါ။ အားလုံးနူးပြီဆိုရင် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

နောက်ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ထောပတ် အတုံးသေးလေးဆို ၃ တုံးလောက် ထည့်ပေးပါ။ ဆီ – လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲထည့်ပြီး ၂ မိနစ် လောက်မွှေပေးပါ။

သေချာမွှေပြီးရင် နွားနို့ – ခွက်တစ်ခွက်ခွဲစာထည့်ကျိုမှာပါ။ နွားနို့ကို အကုန်လောင်းမထည့်ပဲ နည်းနည်းချင်းစီထည့်လိုက်၊ မွှေလိုက် လုပ်ပေးပါ။ သေချာမွှေပြီးရင် ချိစ်ကို ပန်းကန်လုံးအသေး တစ်လုံးစာ ထည့်မွှေပါ။

ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ကြော်ထားတဲ့ အသီးအရွက်တွေကို ထည့်ပါမယ်။ သေချာသမအောင်မွှေပြီးရင် ဆား – အနည်းငယ်၊ ငရုပ်သီးမှုန့် – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်ပြီး မွှေပါမယ်။

ခုနကပြုတ်ပြီး ရေစစ်ထားတဲ့ ပါစတာတွေကို ထည့်ပြီးမွှေပါမယ်။

ခဏနေရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုယ်တိုင်လုပ် ပါစတာကို ရရှိသွားပါပြီ။

Source: www.veggierecipehouse