အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းချက်နည်းကတော့ ကြက်သားကြော်ကို စားသောက်ဆိုင်စတိုင်လ် ဘယ်လိုပြင်ဆင် ကြော်လှော်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၅ တုံး
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ညှက်အောင် ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ခြမ်း (အကွင်းလိုက် လှီးထားပါ)

  • ဆား အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ဟင်းခပ်မှုန့်များ

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၂ ပုံ
  • မဆလာ လက်ဖ်ကရည်ဇွန်း တစ်ဝက်
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်သွန်ဖြူမှုန့် လက်ဖ်ကရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ဆားနှင့် နယ်ထားပြီးနောက် ၁၅ မိနစ်ကြာသောအခါ ရေဖြင့် ဆေးကြောထားလိုက်ပါ။

ထို့နောက် ကြက်သားတုံးများကို ရေခြောက်အောင် သုတ်ထားလိုက်ပါ။

၂။ ထို့နောက် ကြက်ပေါင် တစ်တုံးချင်းစိကို ဓားရာ သုံးချက်ပေးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းခပ်မှုန့်များအားလုံးထည့်ကာ မီးအေးအေးဖြင့် တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

ပြီးရင်တော့ ဟင်းခပ်မှုန့်များကို ပန်းကန်လုံးအသေးတစ်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ကြက်သားတုံးများကို ပန်းကန်လုံးအကြီးထဲ ထည့်ပြီးနောက် ဒိန်ချဉ်၊ ဂျင်း ကြက်သွန်ဖြူထောင်း၊ လှော်ထားသော ဟင်းခပ်မှုန့်များထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။ (အရသာ ပိုရှိချင်တယ်ဆိုရင်တော့ ၈ နာရီကြာ၊ တစ်ညတာခန့် နှပ်ထားပေးနိုင်ပါတယ်)

၅။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထောပတ် ထည့်ပါ။

ထောပတ်များ အရည်ပျော်သွားပြီဆိုရင်တော့ ကြက်သားတုံးများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ဆက်ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ကြော်များကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် ကြက်သွန်ကွင်းများနှင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ စားသောက်ဆိုင်စတိုင်လ် ကြော်ထားသော ကြက်ကြော်လေး ရရှိသွားပါပြီ။

Source: Mozismenu.com