အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အနောက်တိုင်းဟင်းလျာတစ်မျိုး ဖြစ်တဲ့ ရုရှားစတိုင်လ် အမဲသားလုံး (သို့) ဝက်သားလုံး အာလူးစွပ်ပြုတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ တစ်ခါတလေ ထမင်းစားမမြိန်တဲ့ နေ့မျိုးတွေကြုံလာခဲ့ရင်ပဲဖြစ်ဖြစ်၊ ထမင်းမစားချင်တဲ့ နေ့မျိုးတွေဆိုရင် ဒီစွပ်ပြုတ်လေးတစ်ခွက်သောက်လိုက်မယ်ဆိုရင် ဗိုက်လည်းဝ၊ အာဟာရဓာတ်တွေလည်း ရရှိမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • အမဲသား (သို့) ဝက်သား ၁ ပေါင် (နုတ်နုတ်စင်းထားပါ)
  • ရေ ဖန်ခွက် ၈ ခွက်
  • အာလူး ၂ လုံး (လေးထောင့် အတုံးသေးများ တုံးထားပါ)
  • ထမင်း ပန်းကန်လုံး လေးပုံတစ်ပုံခန့်

  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ခပ်ပါးပါးလှီးဖြတ်ထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ တစ်မွှာ (ပါးပါးလှီးထားပါ)
  • နံနံပင် (ပါးပါးလှီးဖြတ်ထားပါ)
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အိုးတစ်လုံးထဲမှာ ရေကို ဆူပွက်တဲ့အထိ တည်ထားပါ။ ထမင်းထည့်ပြီးနောက် မီးအပူချိန်အနည်းငယ်ထပ်လျော့ပြီး တည်ထားပါ။ အတုံးသေးသေးလေးတုံးထားတဲ့ အာလူးများကို အိုးထဲထည့်ပြီး တည်ထားပါ။

နုတ်နုတ်စင်းထားသော အမဲသား (သို့) ဝက်သားများကို ကြက်သွန်ဖြူ၊ နံနံပင်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ။ ထို့နောက် အသားလုံးများ ပြုလုပ်ပေးလိုက်ပါ။ ဒယ်အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ထားပြီး သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ အပူပေးလိုက်ပါ။ ပြီးရင် အမဲသားလုံး (သို့) ဝက်သားလုံးများထည့်ပြီး ရွှေညိုရောင်ပြောင်းလာတဲ့ အထိကြော်ပါ။

ကြော်ထားသော အသားလုံးများကို အာလူးတည်ထားသော အိုးထဲထည့်ပါ။

အခြားဒယ်အိုးတစ်လုံးထဲမှာ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး ကြက်သွန်နီ၊ မုန်လာဥနီတို့ထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြော်ထားသော မုန်လာဥနီများကို အိုးထဲထည့်ပြီး ဆားနှင့် ငရုတ်ကောင်းထည့်ကာ မြည်းကြည့်လိုက်ပါ။ ၅ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

မီးပိတ်ပြီးတဲ့အခါမှာတော့ အနံမွှေးဖို့အတွက် နံနံပင်လေးထည့်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်လုံးလေးထဲ ပြောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားလုံး (သို့) ဝက်သားလုံး အာလူးစွပ်ပြုတ်ကို ပူပူနွေးနွေးလေးသုံးဆောင်လို့ရပါပြီ။

Source: www.mydeliciousmeals.com