ပူတင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သာကူ ကျောက်ကျောပူတင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ပါဝင်ပစ္စည်း (၆) မျိုးခန့် ရှိရုံနဲ့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်တဲ့ အချိုပွဲတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျောမှုန့် ၁ ထုပ်
  • ရေနွေးပူ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • သာကူစေ့ ပန်းကန်လုံးအသေး တစ်ဝက်စာ
  • နွားနို့ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း

  • အာဂါး အာဂါး ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမအဆင့်အနေနဲ့ ရောင်စုံကျောက်ကျော ပြုလုပ်ရပါမယ်။

စားပွဲတင်ဇွန်း ၃၂ ဇွန်းစာခန့်ရှိသော ရေနွေးပူပူထဲသို့ ကျောက်ကျောမှုန့် ၁ ထုပ် ဖျော်ထည့်ပါ။ သမအောင် မွှေပြီးတဲ့နောက်မှာ အပူဒဏ်ခံနိုင်သော ဘူး သုံးဘူးထဲသို့ အညီအမျှ ခွဲထည့်ပါ။ ထို့နောက် မိမိကြိုက်နှစ်သက်သော အရောင်ဖြင့် ရောစပ်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ကာ  ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် သာကူစေ့များထည့်ကာ ကျိုလိုက်ပါ။ သာကူစေ့များ အကြည်ရောင် ပြောင်းသွားသည်အထိ ကျိုပေးရပါမယ်။

၃။ သာကူကျိုပြီးတဲ့အခါမှာတော့ သာကူစေ့များကို ဆန်ခါဖြင့် စစ်ယူပါ။ ရရှိလာတဲ့ သာကူစေ့များကို ရေအေးဖြင့် ၂ ကြိမ်ခန့် ဆေးကြောပေးရပါမယ်။

၄။ ကျောက်ကျောများ အေးခဲသွားပြီဆိုရင်တော့ အတုံးသေးသေးလေးများတုံးလိုက်ပါ။ ထို့နောက် ဘူးအကြီး တစ်ဘူးထဲတွင် ရောင်စုံကျောက်ကျောများကို ရောထည့်လိုက်ပါ။

၅။ ဒန်အိုး တစ်လုံးထဲတွင် နွားနို့ထည့်ပါ။ သကြား၊ အာဂါး ပေါင်ဒါတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မီးဖိုပေါ်တွင် အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ အဆက်မပြတ်မွှေပေးဖို့ လိုအပ်ပါတယ်။

နွားနို့က ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ အအေးခံလိုက်ပါ။ အအေးခံနေစဉ်မှာလည်း အဆက်မပြတ်မွှေပေးပါ။

၆။ ထို့နောက် နွားနို့ထဲသို့ သာကူစေ့များထည့်ကာ သမအောင် ရောမွှေပါ။

၇။ ရရှိလာတဲ့ နွားနို့သာကူများကို ကျောက်ကျောဘူးထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ကျောက်ကျောများ အောက်ခြေတွင် ကပ်မနေဘဲ နှံ့စပ်သွားဖို့အတွက် ဇွန်းဖြင့် မွှေပါ။

ပြီးရင်တော့ ဘူးကို အလုံပိတ်ကာ ရေခဲသေတ္တာထဲတွင် ၄ နာရီခန့် အအေးခံထားလိုက်ပါ။

၈။ သတ်မှတ်ချိန်ပြည့်လို့ တင်းတင်းရင်းရင်းလေးနဲ့ အေးခဲသွားပြီဆိုရင်တော့ အရသာရှိတဲ့ သာကူ ကျောက်ကျောပူတင်းလေး ရရှိသွားပါပြီ။

Source: Yummy