အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အကြော် ကြော်နည်းကတော့ ဝက်နံရိုးကြွပ် အစပ်ကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Tonysmarket.com

  • ဝက်နံရိုး ၅၀၀ ဂရမ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တရုတ်ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၁ လုံး၊ ဂျုံမှုန့် ၆၄ ဂရမ်
  • ဆီ ၅၀၀ မီလီလီတာနှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက် (နှစ်ခါကြော်ရန်)

  • ငရုတ်သီးတောင့် ၅ တောင့်ခန့် (အစပ်ကြိုက်နှစ်သက်ပါက များများထပ်ထည့်နိုင်ပါသေးတယ်)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော် အတုံးလေးများရအောင် တုံးထားလိုက်ပါ။ ထို့နောက် ဝက်နံရိုးများ စင်ကြယ်သွားဖို့ရန်အတွက် ဝက်နံရိုးများကို ရေထဲမှာ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ရေကိုလည်း အနည်းဆုံး ၁ ကြိမ်ခန့် လဲပေးဖို့လိုအပ်ပါတယ်။

၂။ မိနစ် ၃၀ ပြည့်ပါက ဝက်နံရိုးတုံးများကို ဆယ်ယူလိုက်ပြီး ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်လိုက်ပါ။ ထို့နောက် ဝက်နံရိုးတစ်တုံးချင်းစီကို ဂျုံမှုန့် ကပ်ပေးကာ မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။ (တစ်ညခန့် ထားမယ်ဆိုရင်တော့ ပိုအရသာရှိပါလိမ့်မယ်)

၃။ ဝက်နံရိုးကြော်ခါနီးကျမှ ကြက်ဥ ၁ လုံးကို ဝက်နံရိုးထဲ ဖောက်ထည့်လိုက်ကာ သမအောင် နယ်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဝက်နံရိုးများကို ဂျုံမှုန့်နဲ့ ထပ်ကပ်ပေးရပါမယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ကြော်ပေးလိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဆီ ၅၀၀ မီလီလီတာ ထည့်ပြီး ဆီပူလာပါက ဝက်နံရိုးများကို ၆ မိနစ်၊ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးတဲ့ ဝက်နံရိုးများကို အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၆။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ကာ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်နှင့် ပါးပါးလှီးထားသော ငရုတ်သီးများထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ဆီသတ်ပြီးပါက စောစောက ကြော်ထားသော ဝက်နံရိုးများကို ထည့်ကြော်ပေးလိုက်ပါ။

၇။ ၂ မိနစ်၊ ၃ မိနစ်ပြည့်တဲ့အခါမှာတော့ ဝက်နံရိုးများကို အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ ဝက်နံရိုးကြွပ် အစပ်ကြော်လေးရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် တို့စားပြီး အရသာရှိရှိ မြည်းစမ်းကြည့်နိုင်ပါတယ်။

Source: Chinasichuanfood.com