ယခုလို တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ နိုင်ငံခြားယဉ်ကျေးမှုများ ပြည်တွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံတကာအစားအစာများကိုလည်း လူအများက နှစ်ခြိုက်စွဲမက်စွာ စားသောက်လာကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအထိ မြန်မာနိုင်ငံမှာ ကြက်ဥပြုတ်ဆိုရင် ရေအနည်းငယ်ထည့်ပြီး ရိုးရိုးပဲ ပြုတ်စားကြတာပါ။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ ဆေးကြက်ဥ၊ လက်ဖက်ကြက်ဥ စသည်ဖြင့် ပုံစံအမျိုးမျိုး စားသုံးလာကြပါတယ်။

ထိုကဲ့သို့ ဆေးကြက်ဥ၊ လက်ဖက်ကြက်ဥ ကြိုက်နှစ်သက်ပြီး နိုင်ငံတကာအစားအစာများ စားသုံးရတာကို ခုံမင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် အမဲသားချောင်း ဆေးကြက်ဥပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (၄၅၀ ဂရမ်)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ရေ ၁ လီတာ
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အလုံးကြီး ၂ ဥ

  • ကြက်ဥ ၃ လုံး
  • ငရုတ်ပွအရှည် (သို့) ကိုရီးယား ငရုတ်သီးတောင့် (သို့) ကုလားအော်သီး ပန်းကန်လုံးအသေး ၂ လုံးစာ
  • ရေညှိခြောက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသား ၁ ပေါင်ကို အလျား ၂ လက်မ၊ အရှည် ၃ လက်မခန့် ခပ်ထူထူ လှီးဖြတ်ထားပါ။ ရရှိလာတဲ့ အမဲသားချောင်းများကို ရေအေးအေးထဲတွင် စိမ်ထားပါ။

၂။ ဒန်အိုးတစ်လုံးထဲသို့ ရေ ၁ လီတာခန့်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားပါ။

၃။ ရေ ပွက်ပွက်ဆူလာတဲ့အခါ အမဲသားတုံးများကို ရေနွေးပူထဲ ထည့်ကာ ၁ နာရီခန့် ထည့်ပြုတ်လိုက်ပါ။

၄။ အမဲသားများ နူးအိသွားတဲ့အခါမှာတော့ အမဲသားတုံးများကို ဆယ်ယူပြီး ရေအေးဖြင့် ဆေးချလိုက်ပါ။ အမဲပြုတ်ရည်များကိုတော့ ရေစစ်ဖြင့် စစ်ယူပါ။

၆။ ထို့နေက် အမဲပြုတ်ရည်နှင့် အမဲသားတုံးများကို သန့်စင်သော အိုးထဲ ထည့်ပါ။ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ရေညှိခြောက်၊ ငရုတ်သီးတောင့်၊ ပျားရည်တို့ ထည့်ပါ။ ထို့နောက် ကြက်ဥ ၃ လုံးကို ရေမျက်နှာပြင် အပေါ်ယံတွင် တစ်ဝက်ခန့် နှစ်မြှုပ်သွားသည်အထိ တင်ထားကာ ၇ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ကြက်ဥများကို ပြောင်းပြန်လှန်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်ပြုတ်ပါ။ ဒါမှ ကြက်ဥအနှစ်က အလယ်တည့်တည့်မှာ ရှိနေမှာပါ။

၁၀ မိနစ်ပြည့်ပါက ကြက်ဥများကို ဆယ်ယူပြီးနောက် ရေခဲရေထဲ စိမ်ထားလိုက်ပါ။ ထို့နောက် အခွံအက်ကွဲကြောင်းများ ဖြစ်သွားအောင် ဇွန်းဖြင့် ရိုက်ပေးလိုက်ပါ။

၈။ အခွံအက်ကွဲကြောင်းများဖြစ်နေသော ကြက်ဥပြုတ်များကို ထိုအိုးထဲသို့ တစ်လုံးလုံးမြှုပ်သွားသည်အထိ ထည့်ကာ ၁၅ မိနစ်ခန့် ထပ်ပြုတ်ပါ။

၉။ သတ်မှတ်ချိန်ပြည့်ပါက မီးပိတ်လိုက်လို့ရပါပြီ။ ထို့နောက် ကြက်ဥများကို အခွံခွာပေးလိုက်ပါ။

ဒါဆိုရင်တော့ အမဲသား ဆေးကြက်ဥပြုတ်လေး ရရှိသွားပါပြီ။

၁၀။ စားခါနီးကျမှ ပန်းကန်လုံးတစ်လုံးထဲသို့ အမဲသားများ နွှင်ထည့်ပါ။ ငရုတ်သီးတောင့်အနည်းငယ်၊ ရေညှိခြောက်အနည်းငယ်၊ ကြက်ဥ ၂ လုံးခန့်ကို ထက်ခြမ်းခြမ်းပြီးနောက် ဟင်းရည်အနည်းငယ် ဆမ်းထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi.com