အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥပြုတ် ထည့်ကြော်ထားတဲ့ အသားလုံးကြော်လေးက စကော့တလန်လူမျိုးတွေ စွဲစွဲမြဲမြဲစားသုံးတဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန်လူမျိုးတွေက ဂျပန်စတိုင်လ်ဖြင့် ချက်ပြုတ်ကြော်လှော်လာကြပါတယ်။

ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တဲ့ ချက်ပြုတ်နည်းလေးကတော့ ဂျပန်စတိုင်လ်ဖြင့် ကြော်လှော်ချက်ပြုတ်နိုင်တဲ့ ကြက်ဥပြုတ် အသားလုံးကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• နုပ်နုပ်စဉ်းထားသော ဝက်သားနှင့် အမဲသား ၁၃၀ ဂရမ်
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ခရမ်းချဉ်သီးဆော့စ်
• ပေါင်မုန့် အကြေအစအနည်းငယ်
• ကြက်ဥပြုတ် ၂ လုံးနှင့် ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

• ဂေါ်ဖီထုပ် ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
• ဂျုံမှုန့်အနည်းငယ်
• ရေနှင့် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မွှေခလောက်ထားသော ကြက်ဥတစ်ဝက်ကို ပေါင်မုန့်အကြေအစများနဲ့ သမအောင် ရောနယ်ပေးလိုက်ပါ။ (ပေါင်မုန့်အကြေအစများ အနည်းငယ်ချန်ထားပေးရပါမယ်)

၂။ ကျန်ရှိနေတဲ့ ကြက်ဥတစ်ဝက်ကိုတော့ ရေ၊ ဂျုံမှုန့်အနည်းငယ်တို့ဖြင့် ရောနှောပြီး အနှစ်များရလာအောင် မွှေပေးလိုက်ပါ။

၃။ နုပ်နုပ်စဉ်းထားသော ဝက်သားနှင့် အမဲသားတို့ကို ပန်းကန်လုံးထဲထည့်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ခရမ်းချဉ်သီးဆော့စ်ဖြင့် သမအောင် နယ်ဖတ်ပေးလိုက်ပါ။

၄။ အသားပန်းကန်ထဲသို့ နုပ်နုပ်စဉ်းထားသော ဂေါ်ဖီနှင့် ပေါင်မုန်အကြေအစများ ထည့်ခလောက်ထားသော ကြက်ဥတို့ကို လောင်းထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ အသားကို စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်ပြီးနောက် အသား၏ အလယ်ဗဟိုတည့်တည့်တွင် ကြက်ဥပြုတ်တစ်လုံး ထည့်လိုက်ပါ။ ထို့နောက် အသားနှင့် ကြက်ဥများကို လုံးလိုက်ပါ။

၆။ ရရှိလာတဲ့ ကြက်ဥအသားလုံးကို ဂျုံမှုန့်ကြက်ဥအနှစ်ဖြင့် ကပ်ပေးပြီးနောက် ပေါင်မုန့်အကြေအစများနှင့် ထပ်ကပ်ပေးလိုက်ပါ။ ထို့နောက် ဆီပူပူထဲမှာ ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ အသားလုံးကြော်လေးကို မိမိနှစ်သက်ရာ အချဉ်ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Cookingwithdog.com