အာလူးကြော်ကိုအရမ်းကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ထူးထူးဆန်းဆန်းလေးနဲ့ အရသာရှိတဲ့ အာလူးကြော်နည်းကို ပြောပြပေးချင်ပါတယ်။ အပြင်မှာဝယ်စားတာထက်စာရင် အိမ်မှာကြော်စားတာက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဒါကြောင့် အာလူးကို သရေစာအဖြစ်နဲ့စားချင်တဲ့သူတွေအတွက် ဒိန်ချဉ်နဲ့ရောပြီး ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

အာလူးစကြော်ဖို့အတွက် အာလူးအလုံးကြီး ၄ လုံး (သို့) ၅ လုံးကို မထူမပါးလေးတွေလှီးပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ရိုးရိုးဒိန်ချဉ် – ၁ ခွက်၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက် တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။ နယ်ပြီးရင် ၁၅ မိနစ်လောက်ထားထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ဂျုံမှုန့် – ခွက် ၁ ခွက်စာ၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကြက်သွန်နီအမှုန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

သေချာမွှေပြီးရင်တော့ ခုနကနယ်ထားတဲ့ အာလူးတစ်ဖတ်ချင်းစီကို ပန်းကန်ထဲထည့်ပြီး နယ်ပါ။ ပြီးတာနဲ့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

ဆီအိုးထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့ရပါပြီ။ ဒိန်ချဉ်နဲ့ကြော်ထားတာဖြစ်တဲ့အတွက် အရသာကတစ်မူထူးခြားနေမှာ သေချာပါတယ်။

Photo Source: www.yummyph.com