အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အာလူးပန်ကိတ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး
  • ပြောင်းမှုန့် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • ငရုတ်နှစ် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပွက်ပွက်ဆူပြီးသား ရေနွေး စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး ရေဆေးလိုက်ပါ။ ထို့နောက် အချောင်းပါးပါးလေး လှီးဖြတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ပြောင်းမှုန့်တို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။ ထို့နောက် အာလူးချောင်းများကို ထိုအရောအနှောနှင့် ထပ်နယ်ပေးလိုက်ပါ။ (၅) မိနစ်ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက အာလူးအနှစ်များ ထည့်ကြော်လိုက်ပါ။ အာလူးများကို အိုးထဲ ထည့်ပြီးပြီးချင်းမှာပဲ အဝိုင်းပုံသဏ္ဍာန်ဖြန့်ကျက်လိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပြီးနောက် အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။

အာလူးပန်ကိတ်လေး ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ဒယ်အိုးထဲက ဆယ်ယူပြီး ပန်းကန်ပြားထဲထည့်ကာ အအေးခံထားလိုက်ပါ။

၄။ နောက်ဆုံးအဆင့်အနေနဲ့ အာလူးပန်ကိတ်နဲ့ တွဲစားရမယ့် အချဉ်စပ်ရပါမယ်။ ပန်းကန်လုံးထဲသို့ ငရုတ်နှစ်၊ ပဲငံပြာရည်အကြည်၊ ရေနွေးနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။

အာလူးပန်ကိတ်လေး အေးသွားပါက အနေတော် စိပ်ထားပြီးနောက် အချဉ်ရည်နဲ့ တို့စားလိုက်ပါ။

Source: Chinasichuanfood.com