ပုစွန်ဆိုရင် ဒီတိုင်းပဲ အချိုလေးချက်စားကြတာများပါတယ်။ ဒီတစ်ခါမှာတော့ ပုစွန်ကို ကညွန့်ကို အရသာရှိအောင် စပ်စပ်လေးရောကြော်ကြည့်လိုက်ရအောင်။ ကြော်နည်းကလည်း အရမ်းလွယ်ပါတယ်။ ကညွန့်ကြိုက်တဲ့သူတွေနဲ့ ပုစွန်ကြိုက်တဲ့သူတွေအတွက်ကတော့ မဖြစ်မနေလုပ်စားကြည့်သင့်တယ်နော်။

ပထမဆုံးအနေနဲ့ ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ပုစွန် – ၁၅ ကျပ်သား၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထည့်ပြီး မွှေကြော်ပါ။ ပုဇွန်အရောင်လေးပြောင်းပြီး နီလာတာနဲ့ ခူးထုပ်လိုက်ပါ။

အဲ့ဒီဒယ်အိုးထဲကိုပဲ ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။ ကညွန့် – ၂ စည်းစာကို အောက်ပိုင်းတွေဖြတ်ထုတ်ပြီး ဖယ်လိုက်ပါ။ ပြီးရင်တော့ ကညွန့်ကို ၃ ပိုင်း (သို့) ၄ ပိုင်း ပိုင်းပြီး ဒယ်အိုးထဲ ထည့်ကြော်ပါ။

နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး မွှေကြော်ပေးပါ။

ကညွန့်နူးပြီဆိုရင် ခုနကကြော်ထားတဲ့ ပုစွန်ကိုထည့်ပါ။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ အချဉ်အရသာလေးပါတာကို ကြိုက်တယ်ဆိုရင် သံပယိုသီးကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ညှစ်ထည့်လိုက်ပါ။

သမအောင်မွှေပေးပြီး ခဏနေရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်သလို၊ ဒီတိုင်းစားချင်လည်း ချဉ်ချဉ်စပ်စပ်လေးမို့ အရသာရှိပြီး စားလို့ကောင်းမှာ သေချာပါတယ်။

Photo Source: www.tasty.com