ပင်လယ်စာချစ်သူများ အကြိုက်တွေ့သွားစေမယ့် ပင်လယ်စာဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုဟင်းလျာကတော့ ပုစွန် ဂဏန်းချဉ်စပ်ဟင်းပဲဖြစ်ပါတယ်။ ပုစွန်၊ ဂဏန်းအပြင် ယောက်သွားပါ ထည့်ချက်ထားပြီး စာဖတ်သူတို့အနေနဲ့ အခြားပင်လယ်စာ အစားအစာများ ထပ်ထည့်ကာ မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ရုံးပတီသီး ၃ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ နှင့် ရေ ၂ လီတာ
  • ခရမ်းချဉ်သီး ၁၄ အောင်စ (လေးထောင့် အတုံးငယ် တုံးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ် နှင့် ကြက်သွန်မြိတ် ၆ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် ၂ ပေါင်ခန့်
  • ယောက်သွား ဝ.၅ ပေါင်
  • ဂဏန်း ၁ ပေါင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ် ထည့်ပါ။ ထို့နောက် ပုစွန်ထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ ပုစွန်ကြော်ကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၂။ ထိုဒယ်အိုးထဲသို့ ဆီ ထပ်ထည့်ပါ။ ကြက်သွန်နီနှင့် ရုံးပတီသီးတို့ထည့်ကာ ပျော့သွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေပါ။ မိနစ်အနည်းငယ်ခန့်ကြာတဲ့အခါ ရေ ၂ လီတာ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်လိုက်ပါ။

၄။ ထို့နောက် ပုစွန်ထည့်ကာ သမအောင် မွှေပြီးတဲ့နောက်မှာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်တဲ့အခါ ယောက်သွားနှင့် ဂဏန်းတို့ထည့်ကာ ၁၅ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

၅။ ထို့နောက် နံနံပင်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၁၅ မိနစ် ခန့် ဆူပွက်လာအောင် စောင့်ပါ။

ဟင်းရည်က အရည်ခမ်းခါနီးဆဲဆဲ ပျစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပင်လယ်စာချစ်သူများ အကြိုက်တွေ့သွားမယ့် ပုစွန် ဂဏန်းချဉ်စပ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com