အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဖော်ပြပေးမယ့် ဟင်းချက်နည်းလေးကတော့ ပုစွန် ကြက်ဥပန်ကိတ်ကြော် ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။ ထမင်းနဲ့ အတူတူ တွဲဖက်စားသုံးမယ်ဆိုရင်လည်း အရသာရှိသလို သရေစာမုန့်အဖြစ်နဲ့လည်း စားသုံးနိုင်တဲ့ ပုစွန် ကြက်ဥပန်ကိတ်ကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပုစွန် ၁ ပေါင်ခန့် (အခွံချွတ်ပြီး ရေစင်စင် ဆေးထားလိုက်ပါ)
• ဆန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
• ငရုတ်ကောင်းမှုန့် အနည်းငယ်

• ကြက်ဥ ၃ လုံး (ခပ်ပြင်းပြင်းလေး မွှေခလောက်ထားပါ)
• သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ဆန်မှုန့်နှင့် ဆားတို့ဖြင့် သမအောင် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ခပ်ပြင်းပြင်းမွှေခလောက်ထားသော ကြက်ဥထဲသို့ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်နှင့် သကြားတို့ထည့်ပြီး သမအောင် မွှေခလောက် လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ပုစွန်များကို ၂ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ ထို့နောက် ပုစွန်များကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထပ်ထည့်လိုက်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများ ထည့်ကြော်လိုက်ပါ။

၅။ ကြက်ဥများ မကျက်တကျက်အချိန်မှာ ပုစွန်များကို ကြက်ဥအပေါ်မှာ ထည့်လိုက်ပါ။ ကြက်သွန်မြိတ်များ ဖြူးထည့်ပြီးနောက် ဒယ်အိုးအဖုံးကို ပိတ်ပြီး ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန် ကြက်ဥပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ဆော့စ် တစ်မျိုးမျိုးဖြင့် တို့စားလိုက်ပါ။

Source: Spicetheplate.com