ပိတ်ရက်လေးမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ အရသာရှိပြီး စားမြိန်တဲ့ အစားအစာတွေကို ချက်ပြုတ်ခြင်းဟာ ပျော်ရွှင်စရာ တစ်ခုပါ။ ဒါကြောင့် ဒီပိတ်ရက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ချက်စားလို့ ရမယ့် ခေါက်ဆွဲ ချက်နည်းလေး တစ်ခုကို အတူတူ ချက်ကြည့်ရအောင်ပါ။ ဒီတပတ် ချက်မှာကတော့ ရွှေတောင်ခေါက်ဆွဲ။
မန်းမြို့က မင်္ဂလာပါစားသောက်ဆိုင်ရဲ့ လူကြိုက်များ စာရင်းဝင် တစ်ခု ဖြစ်တဲ့ ရွှေတောင်ခေါက်ဆွဲကို မန်းမြို့ကို ရောက်တိုင်း သွားအားပေး လို့ ရတယ်နော်။ ကဲ တို့တွေ ချက်လိုက်ရအောင်။
ရွှေတောင်ခေါက်ဆွဲဟာ ရွှေတောင်ဆိုတဲ့ မြို့အမည်ကို တပ်ပြီးခေါ်တဲ့ နာမည်ပါ။ အုန်းနို့ခေါက်ဆွဲလို့ ထင်ရပေမယ့် ချက်ပြုတ်ပုံနဲ့ ပါဝင်ပစ္စည်းတွေ ကွဲလွဲပါတယ်။ ဒါပေမယ့် ချက်ပြုတ်ရတာ အရမ်းကို လွယ်ကူပါတယ်။
ပြင်ဆင်ပုံ
ကြက်သားပြုတ်ရန်
– ကြက်သားနဲ့ ကြက်ရိုးကို သေချာစွာ ဆေးကြောပြီး ငံပြာရည် အနည်းငယ်နဲ့ ပြုတ်ပါ။ ရေခန်းပြီဆိုရင် ကြက်သားကို နွှင်ပါ။ အရိုးတွေကို ဟင်းချိုချက်ဖို့ အတွက် ကျန်ထားပါ။
အုန်းဆီနှစ် ချက်ရန်
– အရည်ညှစ်ပြီးသား အုန်းသီးကို ဆီ ၂ဇွန်းခန့် ထည့်ပြီး ဆီချက်ပါ။ Readymade ဘူးကို သုံးမယ်ဆိုရင်တော့ ဆီ ၅ဇွန်းထည့်ပြီး ချက်ပါ။ အဖက်လေးတွေ တက်လာတဲ့ အထိ ချက်ပါ။
မုန့်ကြွပ်ကြော်ရန်
– ဂျုံခေါက်ဆွဲ လက်တစ်ဆုပ်စာကို ဆီများများထည့်ပြီး ကြွပ်အောင် ကြော်ပြီး ဆယ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကို ရောထောင်းထားပါ။ ဒါတွေ ပြင်ဆင်ပြီးရင်တော့ ကြက်သားဟင်းရည်ကို ချက်ပါ။ ဆီထည့်ပြီး နနွင်း ထည့်ပါ။ ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးကို ထည့်ပါ။ ကြက်သားနွှင်ပြီးသားကို ထည့်ပါ။ ပြီးရင် ပဲအကျတ်မှုန့်ကို ရေဖျော်ပြီး ထည့်ပါ။
ကြက်သွန်နီကို အဖက်လိုက်လေးတွေ ခွာပြီး ထည့်ပါ။ ပဲရည်ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ထည့်ပါ။ ကြက်သွန်ဥလေးများ နူးလာပြီး ပဲရည်မပျစ်မကျဲ အနေအထားရရင် မီးအေးအေးနဲ့ တင်ထားပါ။
ကြက်သားဟင်းရည် ချက်ပြီးပြီဆိုရင်တော့ ကြက်သားဟင်းချိုလေးချက်ပါ။ လွယ်ပါတယ်။ ပြုတ်ထားတဲ့ အရိုးတွေကို ဂျင်း၊ ကြက်သွန်ဖြူ အနည်းငယ်နဲ့ ရေထည့်ပြီး ပြန်တည်ပါ။ အပေါ့အငံ မြည်းပြီး စားခါနီးရင် နံနံပင်နဲ့ ငရုတ်ကောင်းလေး ထည့်ပါ။