အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ အစပ်အရသာလေးပါမှ စားမြိန်တဲ့ အစားအသောက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ အမဲသားဟင်းအစပ် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးတောင့် အခြောက် ၂ တောင့်နှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

  • အမဲသား ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ဆားအနည်းငယ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

  • ပဲပင်ပေါက် အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • နာနတ်ပွင့် ၂ ပွင့်
  • နံနံပင် (သို့) ကြက်သွန်မြိတ်အနည်းငယ် (ဟင်းချက်ပြီးပါက အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။  အမဲသားများကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဆား၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် ရောမွှေပြီးနောက် ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ အချိန်ပြည့်ပါက ပြောင်းမှုန့်နှင့် ရေအနည်းငယ်ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

၂။ အိုးတစ်လုံးထဲ ရေထည့်ပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ပဲပင်ပေါက်ကို ရရှိလာတဲ့ ရေနွေးဖြင့် တစ်မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲထည့် ဆယ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီး တစ်ဝက်ခန့်၊ ငရုတ်ကောင်းစေ့တစ်ဝက်နှင့် နာနတ်ပွင့်တို့ထည့်ပြီး မီးအေးအေးဖြင့် အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ပေးလိုက်ပါ။

၄။ ထို့နောက် ငရုတ်သီးအနှစ် ထပ်ထည့်ကာ ငရုတ်ဆီထွက်လာသည်အထိ မွှေပေးလိုက်ပါ။

၅။ ရေ တစ်လီတာထည့်ပြီးနောက် ဒယ်အိုးအဖုံးပိတ်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေး ရလာပါလိမ့်မယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့ အစရှိတဲ့ အဖတ်များအားလုံးကို ဖယ်ရှားပြီး အိုးထဲတွင် ဟင်းရည်သာ ချန်ထားခဲ့ပါ။ ထို့နောက် အမဲသားတုံးများထည့်ကာ ဟင်းအနှစ်များ ပွက်ပွက်ဆူလာသည်အထိ တည်လိုက်ပါ။

၆။ အမဲသားဟင်းက နူးအိသွားပြီဆိုရင်တော့ ပဲပင်ပေါက်ထည့်ထားသော ခွက်ထဲသို့ အမဲသားများကို လောင်းထည့်လိုက်ပါ။ ကျန်ရှိနေသော ငရုတ်သီးတစ်ဝက်ကို အမဲသားဟင်းထဲ နှစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ အမဲသားဟင်းအစပ်ချက်လေး ရရှိသွားပါပြီ။

ထမင်းစားခါနီးကျမှ နံနံပင် (သို့) ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com