အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူများအတွက် ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အာလူးအမဲသားအစပ်ချက်ပဲဖြစ်ပါတယ်။ တရုတ်စတိုင်လ် ချက်ပြုတ်နည်းလေးဖြစ်လို့ အားလုံးပဲ သဘောကျကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

• အမဲသား ၁၀၀ ဂရမ်
• ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
• ကြက်သွန်မြိတ် (၁ လက်မအရှည် လှီးဖြတ်ထားပါ)
• ကြက်သွန်ဖြူ ၁ ဥ (ကြက်သွန်မြွှာလေးများကို အခွံခွာထားပါ)
• ၁ လက်မပတ်လည် အရွယ်အစားရှိ ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)

• အာလူး ၄ လုံး
• ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
• ရေအနည်းငယ်
• တရုတ်နံနံ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို အနေတော်အတုံး တုံးထားပါ။ထို့နောက် ရေအပြည့်ထည့်ထားသော အိုးထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

၂။ အခြားအိုးတစ်လုံးထဲတွင် ရေ တစ်ဝက်ခန့်ထည့်ပြီး ဂျင်းနှင့် ဟင်းချက်ဝိုင်တို့ထည့်လိုက်ပါ။ ထို့နောက် အမဲသားထည့်ပြီးနောက် ၂ မိနစ်ခန့် ဆူပွက်အောင် တည်လိုက်ပါ။ အချိန်ပြည့်ပါက အမဲသားများကို ဆယ်ယူလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ငရုတ်နှစ်များ ထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။

၄။ ထို့နောက် အမဲသားကို ဒယ်အိုးထဲထည့်ပြီး ကြော်လိုက်ပါ။ သကြား၊ ပဲငံပြာရည်အကြည်နှင့် အနောက်တို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ရေ အနည်းငယ် ထပ်ထည့်ပြီး အမဲသားများ နူးအိလာသည်အထိ တည်ထားလိုက်ပါ။

၅။ ထိုကဲ့သို့ တည်ထားချိန်တွင် အာလူးကို အခွံခွာပြီး အနေတော်အတုံး တုံးလိုက်ပါ။ ထို့နောက် မိနစ် ၂၀ ခန့် ပြုတ်လိုက်ပါ။

၆။ အာလူးများ နူးအိသွားပါက အိုးထဲမှ ဆယ်ယူလိုက်ပြီး အမဲသားအိုးထဲ ရောချက်လိုက်ပါ။ ၂ မိနစ်ခန့် သမအောင် မွှေပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အာလူးအမဲသား အစပ်ချက် ဟင်းလျာတစ်ပွဲ ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com