အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖက်ထုပ်ချစ်သူများအတွက် ဝက်သားဖက်ထုပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ် ဂျုံပြား ၃၆ ချပ်
  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ငရုတ်သီးဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် လှော်ပြီးသား ငရုတ်သီး စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သား၊ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ရေတို့ ပေါင်းထည့်ကာ သမအောင် နယ်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ ရရှိလာတဲ့ အစာသွပ်ကို ဖက်ထုပ် ဂျုံပြားထဲထည့်လိပ်ရပါမယ်။ ဖက်ထုပ်လိပ်နည်း (၂) မျိုးရှိတဲ့အနက် စာဖတ်သူတို့အနေနဲ့ မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၁)

လက်ချောင်းထိပ်လေးကို ရေဆွတ်ပြီးနောက် ဖက်ထုပ်ပြားရဲ့အနားသတ်ဘောင်များကို စိုစွတ်သွားအောင် ပြုလုပ်ပါ။ အစာသွပ် စားပွဲတင်ဇွန်း တစ်ဝက်ခန့်ကို ဖက်ထုပ်ရဲ့အလယ်တည့်တည့်မှာ ထည့်ပါ။ ထို့နောက် ပုံမှာပြထားတဲ့အတိုင်း လိပ်ပေးလိုက်ပါ။

နည်းလမ်း (၂)

နည်းလမ်း (၂) ကလည်း အစောကဖော်ပြခဲ့တဲ့နည်းလမ်းနဲ့ အတူတူပါပဲ။ ဖက်ထုပ်ပြားရဲ့ ဘေးဘောင်တွေကို ရေစွတ်ပြီး အစာသွပ်ထည့်ကာ ပုံပါအတိုင်း လိပ်ပေးလိုက်ရုံပါပဲ။

၃။ ရရှိလာတဲ့ ဖက်ထုပ်များကို လင်ဗန်းထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။ သို့သော် ဖက်ထုပ်တစ်ခုနှင့် တစ်ခုကို ကပ်မနေစေဘဲ ခွဲထားရပါမယ်။

၄။ ထို့နောက် အိုးတစ်လုံးထဲ ရေအပြည့်ထည့်ပြီး ရေနွေး ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ဖက်ထုပ်များကို မိနစ်အနည်းငယ်ကြာ ထည့်ပြုတ်လိုက်ပါ။ အိုးမကပ်ဖို့ရန်အတွက် မကြာခဏ မွှေပေးလိုက်ပါ။ ဖက်ထုပ်များက ရေပေါ် ပေါလောပေါ်လာတဲ့အခါ သင့်ရဲ့ဖက်ထုပ်လေးကို ဆယ်ယူလို့ရပါပြီ။

၅။ ငရုတ်သီးဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပါ။ ထို့နောက် ဖက်ထုပ်ပြုတ်ပေါ်သို့ ဆမ်းထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်အနည်းငယ်ဖြူးထည့်ကာ အလှဆင်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပြုတ်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com