အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အိမ်တွင်းလုပ် သဘာဝငရုတ်သီးအချဉ်ရည်လေးနဲ့ သုပ်ထားတဲ့ ဝက်သားသုပ်စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၅၀၀ ဂရမ် (ဝက်သားရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို အသုံးပြုနိုင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ ဝက်သုံးထပ်သားကို အသုံးပြုပြီး ပြင်ဆင်ချက်ပြုတ်ပေးသွားပါမယ်။)
  • ဂျင်း ၄ ပြားခန့်
  • ကြက်သွန်မြိတ် ၁ ပင်
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၈ မြွှာ (နုပ်နုပ်စဉ်းထားပါ)၊ ကြက်သွန်မြိတ်၏ ဖြူသောအစိတ်အပိုင်း ၁ ပင် (နုပ်နုပ်စဉ်းထားပါ)နှင့် နုပ်နုပ်စဉ်းထားသောဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်နှင့် ရေနွေး စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမဦးဆုံး ဝက်သားသုံးထပ်သားကို အိုးတစ်လုံးထဲထည့်ထားလိုက်ပါ။ ထို့နောက် ရေခဲရေ၊ ဂျင်းပြား ၄ ပြား၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းတို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် မိနစ် ၃၀ မှ မိနစ် ၄၀ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ ထိုကဲ့သို့ တည်ထားချိန်တွင် ကြက်သွန်ဖြူဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲ၌ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်၊ နုပ်နုပ်စဉ်းထားသော ဂျင်း၊ ဆားအနည်းငယ်နှင့် ရေနွေး စားပွဲတင်ဇွန်း ၄ ဇွန်းတို့ထည့်ကာ ၅ မိနစ်မှ ၁၀ မိနစ်အထိ နှပ်ထားလိုက်ပါ။

၃။ ငရုတ်သီးအချဉ်ရည် ပြုလုပ်ရန်အတွက် အခြားပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်ဆီ၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ သကြားတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၄။ ဝက်သားပြုတ်ထားသော သတ်မှတ်ချိန်ပြည့်သွားပါက ဝက်သားကို ဇလုံထဲထည့်ကာ အအေးခံထားလိုက်ပါ။ အေးသွားပါက ဝက်သားကို ခပ်ပါးပါးလှီးဖြတ်ထားလိုက်ပါ။

၅။ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် သခွားသီးများ ထည့်ထားလိုက်ပါ။ သခွားသီးအပေါ်တွင် ပါးပါးလှီးထားသော ဝက်သားများ ထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူဆော့စ်ကို မျက်နှာပြင်အနှံ့ညီညာစွာ လောင်းထည့်လိုက်ပါ။ စက္ကန့် ၃၀ ခန့်ကြာမှ ငရုတ်သီးအချဉ်ရည် လောင်းထည့်လိုက်ပါ။

သမအောင်နယ်ဖတ်ပြီးတဲ့အခါမှာတော့ အရသာစပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ ဝက်သားသုပ်စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com