အားလုံးပဲ မင်္ဂလာပါ။ ဂဏန်းဟင်းစပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ စင်ကာပူချက် ဂဏန်းအစပ်ဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း ၃ ကောင် (ထက်ခြမ်း ခြမ်းပါ)
  • ပြောင်းမှုန့် ၁၀၀ ဂရမ်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • နာနတ်သီး တစ်ခြမ်း (ဖျော်စက်ဖြင့် အနှစ်များရအောင် မွှေထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (အခွံခွာပါ)

  • ကြက်သွန်နီ ၅ ဥ (အခွံခွာပါ)
  • ဂျင်း အတုံးသေး ၁ တုံး (အခွံခွာထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောမွှေပါ)
  • ခရမ်းချဉ်သီးအနှစ် စည်သွပ်ဘူး ၁ ဘူး

  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • ဆားနှင့် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင် ထောင်းပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂဏန်းများထည့်ကာ ပြောင်းမှုန့်ဖြင့် သမအောင် ရောနယ်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂဏန်းများထည့်ကာ ၅ မိနစ်မှ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ဂဏန်းကြော်များကို ပန်းကန်ထဲ ပြောင်းထည့်ပါ။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပါ။ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ ညှက်နေအောင် ထောင်းထားသော ကြက်သွန်၊ ဂျင်းအရောအနှောတို့ထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

ထို့နောက် ငရုတ်သီးဆော့စ်၊ သကြား၊ ရှာလကာရည်၊ ခရမ်းချဉ်သီးအနှစ်၊ ဆားအနည်းငယ်နှင့် နာနတ်သီးအနှစ်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ ဆူပွက်လာပြီဆိုရင်တော့ မွှေခလောက်ထားသော ကြက်ဥများထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပြောင်းမှုန့်အရည်များထည့်ကာ ဆော့စ်များ ပျစ်သွားသည်အထိ တည်ထားပါ။

၅။ ဆော့စ်များ ပျစ်သွားတဲ့အခါမှာတော့ ဂဏန်းကြော်များထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ၅ မိနစ်ခန့် ဆူပွက်လာအောင် ထပ်တည်ရပါမယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ စင်ကာပူစတိုင်လ် ဂဏန်းအစပ်ချက်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Asianfoodnetwork.com