အမဲသားဟင်းချက်တိုင်း အသားက မနူးလို့ ဝါးရခက်တယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ Slow Cooker နဲ့ ချက်နိုင်တဲ့ အမဲသားဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားပြား ၂ ပေါင်
  • ကြက်သွန်ဖြူ ၈ မြွှာ (ပါးပါးလှီးထားပါ)၊ ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၃ ပင် ( ၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ခပ်ထူထူလှီးဖြတ်ထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပန်းသီးရှာလကာရည် (သို့) သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို သန့်စင်အောင် ရေဖြင့် ဆေးကြောထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးအကြီးတစ်လုံးကို အပူပေးပြီးနောက် ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားပြားထည့်ကာ ၂ မိနစ်ခန့် အပူပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် အပူပေးထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ Slow Cooker ထဲတွင် ကြက်သွန်နီများထည့်လိုက်ပါ။ ကြက်သွန်နီအပေါ်တွင် စောစောက အမဲသားပြားထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် မုန်လာဥနီတို့ကို အမဲသားအပေါ်တွင် ထည့်ရပါမယ်။ (ကြက်သွန်နီကိုတော့ ဟင်းကျက်သွားပါက အလှဆင်ဖို့ရန်အတွက် အနည်းငယ် ချန်ထားပေးရပါမယ်။)

၄။ ထို့နောက် ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ပျားရည်၊ ပန်းသီးရှာလကာရည် (သို့) သံပုယိုရည်၊ ငရုတ်သီးတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ အမဲသားပေါ် လောင်းထည့်ပေးရပါမယ်။

၅။ ထို့နောက် Slow Cooker အဖုံးကို အုပ်လိုက်ကာ မီးပြင်းပြင်းဖြင့် ၃ နာရီ၊ ၄ နာရီခန့် တည်ထားပေးလိုက်ပါ။ (မီးအေးအေးဖြင့် တည်ချင်တယ်ဆိုရင်တော့ ၅ နာရီ၊ ၆ နာရီခန့် တည်ထားရပါမယ်။ သတ်မှတ်ချိန် တစ်ဝက်ပြည့်ပါက အသားကို အခြားတစ်ဖက်ခြမ်းသို့ လှန်ပေးဖို့လည်း လိုအပ်ပါတယ်။)

၆။ အသားက ကျက်သွားပြီဆိုတာနဲ့ အိုးထဲက ဆယ်လိုက်ကာ စဉ်းနီတုံးပေါ်တွင် ပါးပါးလှီးထားလိုက်ပါ။ ကျန်ရှိနေသော ကြက်သွန်မြိတ်အနည်းငယ်ကို အိုးထဲသို့ထည့်လိုက်ပါ။ အနည်းငယ် မွှေပြီးတဲ့နောက်မှာတော့ ထိုဟင်းအနှစ်များကို ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။ ပြီးရင်တော့ အမဲသားတုံးများကို ထိုပန်းကန်ထဲသို့ ပေါင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ နူးအိတဲ့အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com