ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ချဉ်ချဉ်စပ်စပ်လေးတွေကို စားချင်သူများအတွက် အထူးအပ်စပ်မှာပါ။ ခရမ်းချဉ်သီးချက်ကိုမှ ငါးရံ့ခြောက်ထည့်ချက်ထားလို့ အရသာတစ်မျိုးလေး ကွဲပြားနေမှာပါ။ ထမင်းလည်းအလွန်မြိန်ပြီး နောက်ထပ်တောင်ထည့်မိနေအုံးမယ်နော်။

လိုအပ်သောပစ္စည်းများ

  • ငါးရံ့ခြောက် – ၂ ကောင်
  • ခရမ်းချဉ်သီး အမှည့် – ၄ လုံး
  • ကြက်သွန်နီ – ၂ ဥ
  • ကြက်သွန်ဖြူ – ၁ဥ
  • ငရုတ်သီးစိမ်း အတောင့်ရှည် – အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

ငါးရံ့ခြောက်များကို အတုံးသေးများ ခုတ်ပြီး ရေဆေးပါ။ ရေဆေး ထားတဲ့ ငါးရံ့ခြောက်များကို ရေနွေး ပူပူဖြင့် ၂ ကြိမ်တိုင် ထပ်မံ ဆေးပေးပြီး ရေစစ်ထားပါ။

ခရမ်ချဉ်သီးများကို ခပ်ပါးပါး လှီးပြီး ဆီ အနည်းငယ်ဖြင့် ကြေအောင် အသားများ ကြေအောင် ချက်ထားပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကို အရောင်တင်မှုန့် အနည်းငယ်ဖြင့် ညက်အောင် ထောင်းပါ။

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အနှစ်များကို ဆီပူပူဖြင့် ခြောက်ပြီး မွှေးပျံ့လာသည် အထိ ဆီသတ်ပါ။ ကြက်သွန်နှစ်များ ခြောက်လျှင် ရေစစ်ထားတဲ့ ငါးရံ့ခြောက်များ ထည့်ပါ။

ဆား ၊ ယိုးဒယား ငံပြာရည်များ ထည့်ကာ အသားထဲ အရသာများ ဝင်အောင် သမပေးပါ။ ငံပြာရည်နံ့ ၊ ငါးခြောက်နံ့များ ပျောက်လျှင် ချက်ထားတဲ့ ခရမ်းချဉ်သီး အနှစ်များ ထည့်ပါ။

ရေနွေး အနည်းငယ် ထည့်ကာ အဖုံးပိတ် ထားပြီး ဆီပြန်လာသည် အထိ ချက်ပေးပါ။ အိုးချခါနီးတွင် ငရုတ်သီးစိမ်းတောင့်များကို ခပ်ရှည်ရှည်ဖြတ်ပြီး ထည့်ကာ မွှေပေးကာ ခေတ္တ မျှထားပြီး စားလို့ ရပါပြီ။

ငါးရံ့ခြောက်ကို ရေနွေးပူပူနဲ့ဆေးခြင်းဖြင့် ငါးခြောက်မှာ ပါလာနိုင်တဲ့ မမြင်ရတဲ့ မှိုများ ပိုးမွှားများကို သေစေတဲ့ အပြင် ငါးခြောက် ညှီနံ့ပါ ပျောက်စေပါတယ်။

Credit: Warr Tee