မနက်စာအတွက်ပဲဖြစ်ဖြစ်၊ သရေစာမုန့်အတွက်ပဲဖြစ်ဖြစ် အိမ်မှာအလွယ်တကူ လုပ်စားလို့ရအောင် အရသာရှိသော Egg Toast ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလွယ်သလောက် အရသာရှိပြီး အာဟာရလည်းရှိတာကြောင့် ပေါင်မုန့်ကြိုက်တယ် Toast တွေကြိုက်တယ်ဆိုရင် လုပ်စားကြည့်သင့်ပါတယ်။

ပထမဆုံးအနေနဲ့ ဒယ်အိုးမှာ ထောပတ်သုတ်ပြီး ပေါင်မုန့် ၄ ချပ်ကို ကြော်ပါမယ်။ ပေါင်မုန့်က Toast လုပ်တဲ့ ပေါင်မုန့်ဖြစ်ရပါမယ်။ ဒါမှပိုပြီးစားကောင်းမှာပါ။

ပန်းကန်လုံးထဲကို Mayonnaise – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နို့ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ City Mart တွေမှာရောင်းတဲ့ Chilli Sauce – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင်မွှေလိုက်ပါ။ မွှေပြီးရင် ကြော်ထားတဲ့ပေါင်မုန့်မှာ သုတ်ပေးပါ။

သုတ်ပြီးရင် ပေါင်မုန့် ၂ ချပ်ပေါ်မှာ ချိစ်ပြား ၂ ပြားစီတင်ပေးပါ။

ဒယ်အိုးကို ထောပတ်ထပ်သုတ်ပြီး Bacon တွေထည့်ကြော်ပါမယ်။ ကြော်ပြီးရင် ချိစ်တင်ထားတဲ့ပေါင်မုန့်ပေါ်မှာ Bacon ၃ ချပ်စီလောက် တင်ပေးပါ။

ပန်းကန်လုံးထဲကို ကြက်ဥ ၄ လုံးဖောက်ထည့်ပြီး ဆား – အနည်းငယ်နဲ့ နွားနို့ – ၅၀ ဂရမ်ထည့်ပြီး ခလောက်ပေးပါ။

ဒယ်အိုးကို ထောပတ်သုတ်ပြီး ခလောက်ထားတဲ့ကြက်ဥ ထည့်ကြော်ပါမယ်။ ကြော်တဲ့အခါမှာ ကြက်ဥကို မွှေပေးပါ။ မွှေပြီးရင် နှစ်စုခွဲလိုက်ပါ။ ခွဲပြီးရင် သေချာလေးဇွန်းနဲ့ခပ်ယူပြီး ပေါင်မုန့်တစ်ချပ်စီပေါ်မှာ ခုနကလိုပဲတင်ပေးပါ။

အားလုံးတင်ပြီးပြီဆိုရင်တော့ ဘာမှမတင်ထားတဲ့ပေါင်မုန့်ကို အစာတွေတင်ထားတဲ့ပေါင်မုန့်ပေါ် ထပ်လိုက်ပါ။ ပြီးရင် စက္ကူလေးနဲ့အောက်နားကိုပတ်ပြီး အပေါ်ယံကို Mayonnaise ဆမ်းပြီး နို့ဆီဆမ်းပါမယ်။

ဒါဆိုရင်တော့ အရသာရှိပြီး အာဟာရလည်းရှိတဲ့ Egg Toast ကို ရရှိသွားပြီပဲဖြစ်ပါတယ်။