အားလုံးပဲ မင်္ဂလာပါ။ သင်္ဘောသီးသုပ် စပ်စပ်လေးကိုမှ ခံတွင်းတွေ့သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် သင်္ဘောသီးသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မမှည့်သေးသော သင်္ဘောသီး အလုံးသေး ၁ လုံး
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၂ တောင့် (အစေ့များ ဖယ်ရှားထားကာ ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပဲတောင့်ရှည် (သို့) ပဲလိပ်ပြာ လက်တစ်ဆုပ်စာခန့်
  • ခရမ်းချဉ်သီး ပန်းကန်လုံးအသေး တစ်လုံးစာ (ထက်ခြမ်း ခြမ်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • ပင်စိမ်းရွက် အနည်းငယ်
  • မြေပဲ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သင်္ဘောသီးကို အခွံခွာပြီးနောက် အချောင်းမျှင်မျှင်လေးများဖြစ်သွားအောင် ခြစ်ပြားဖြင့် ခြစ်ထားလိုက်ပါ။

၂။ အစားအစာ ကြိတ်သည့်စက်ထဲတွင် ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငါးငံပြာရည်၊ ဆီ၊ သံပုယိုရည်နှင့် သကြားညိုတို့ထည့်ကာ မွှေပေးလိုက်ပါ။ ထိုဖျော်ရည်က ငရုတ်သီးကြောင့် အနီရောင် ပြောင်းသွားသည်အထိ မွှေပေးရပါမယ်။

၃။ ပဲတောင့်ရှည်ကို ငရုတ်ဆုံထဲ ထည့်ထောင်းလို့လည်းရသလို ထိုကြိတ်စက်ထဲတွင်ပင် စက္ကန့်ပိုင်းလောင်း ထည့်မွှေပေးလိုက်ပါ။

၄။ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ကြက်သွန်မြိတ်နှင့် ပင်စိမ်းရွက်တို့ကို ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ရောထည့်ကာ သမအောင် နယ်လိုက်ပါ။

၅။ မြေပဲ တစ်ဝက်နှင့် စောစောကဖျော်ထားသော ဆော့စ်များကို အသုပ်ပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။ ထို့နောက် ကျန်ရှိသော မြေပဲတစ်ဝက် ထပ်ထည့်ကာ သမအောင် ထပ်နယ်ပေးရပါမယ်။

၆။ အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အငန်အရသာ လိုအပ်ပါက ငါးငံပြာရည် (သို့) ပဲငံပြာရည် အနည်းငယ် ထပ်ထည့်နိုင်သလို အစပ်ကြိုက်သူများအနေနဲ့ ငရုတ်သီးတောင့် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် သင်္ဘောသီးသုပ်စပ်စပ်လေးကို အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com