ထိုင်းအစားအစာ နာမည်ကြီး ယိုးဒယား သင်္ဘောသီးထောင်း (Som Tam) လုပ်စားချင်သူများအတွက်ပါ။ သရေစာဖြစ်ဖြစ်၊ ထမင်းနဲ့ပဲဖြစ်ဖြစ် အရသာရှိရှိ စားသုံးနိုင်မှာပါနော်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခြစ်ပြီးသား – ၁ ပန်းကန်
  • သံပုရာသီး – ၁ လုံး
  • ခရမ်းချဉ်သီး – ၂ လုံး
  • ပဲတောင့်ရှည် – ၂ တောင့်
  • ကြက်သွန်ဖြူ – အနည်းငယ်
  • ပုဇွန်ခြောက် – အနည်းငယ်
  • မကျည်း ဖျော်ရည် – အနည်းငယ်
  • ငရုတ်သီး – အနည်းငယ် (ချိန်ဆထည့်ပါ)
  • ပုဇွန် ငံပြာရည်
  • ဂဏန်း ငါးပိ – အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
  • ဟင်းချိုမှုန့်
  • ထန်းလျက် – အနည်းငယ်

ပြုလုပ်နည်း

  1. ငရုတ်ဆုံ သန့်သန့် ထဲသို့  ငရုတ်သီး အနည်းငယ် ထည့်ပြီး ထောင်းပါမယ်။ ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ထည့်ပါ။ ပဲသီး ထည့်ပါ ။
  2. သင်္ဘောသီး ခြစ်ပြီးသား ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ။ ထန်းလျက် အနည်းငယ် ထည့်ပါ ။ အချို မကြိုက်သူများ မထည့်လည်း ရပါတယ် ။
  3. မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
  4. ငံပြာရည် ၁ ဇွန်း ၊ အချို မှုန့် အနည်းငယ် ၊ ငါးပိ ၁ ဇွန်း နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိုးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်ကာ အနည်းငယ် ထောင်းလိုက်ပါက ယိုးဒယား သင်္ဘောသီးထောင်း ရပါပြီ ။
  5. မုန့်ဟင်းခါးဖတ် ၊ ကြက်ကင် ၊ အသီးအရွက် အမျိုးမျိုး ၊ ဥပမာ – လတ်ဆတ်သော ဂေါ်ဖီ ၊ ကန်စွန်းရိုးနီ အညွန့် ၊ ပဲသီး စသည်တို့ဖြင့် တွဲဖက် သုံးဆောင် နိုင်ပါသည် ။

** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည် ။ ယိုးဒယား သင်္ဘောသီးထောင်း မူရင်း အရသာမှာ အချဉ်ဓါတ် နှင့် ငါးပိ အချိုးကျ ပေါင်းစပ်ကာ ချဉ်ငံစပ် အရသာ ပင်ဖြစ်ပါသည်။

Credit: ‎ဘန်ကောက်လမ်းညွန်‬ ‪‎ကိုစိုင်း

သင်္ဘောသီးထောင်း