အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ အပြောင်းအလဲလေးဖြစ်သွားအောင် ဟင်းချိုချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ငါးခေါင်းကို အသုံးပြုပြီး ချက်ရမှာဖြစ်တာကြောင့် အသားထက် အရိုးကိုက်ရတာကို ကြိုက်သူများအတွက် သင့်တော်မယ်လို့ထင်ပါတယ်နော်။ အရသာကလည်း ချဉ်ချဉ်စပ်စပ်လေးဖြစ်လို့ ထမင်းစားတိုင်း ခံတွင်းအလွန်မြိန်မှာ အသေချာပါပဲ။
ပါဝင်ပစ္စည်းများ
- သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း – ၂ ခေါင်း
- ခရမ်းချဉ်သီးမှည့် – ၂ လုံး
- မျှစ်ချိုနုနု – အနည်းငယ် (ရေစိမ်ထားပါ)
- နှစ်သက်ရာ မှို – အနည်းငယ်
- ငုံးဥ – ပြုတ်ထားပါ
- နံနံပင်
- ငရုတ်စိမ်းတောင့်
- ပင်စိမ်း
- သံပုရာသီး
- ဂျင်း – လက်တဆစ်
- ကြက်သွန်ဖြူ
- ငြုပ်ပွ – ၁ တောင့်
- စပါးလင် – ၁ ပိုင်း (ထုချေထားပါ)
- ဆား
- နနွင်း
- ငံပြာရည်
ပြုလုပ်နည်း
- ဂျင်း လက်တဆစ် ၊ ကြက်သွန်ဖြူ၊ ငြုပ်ပွတစ်တောင့် တို့ကို ရောထောင်းထားပါ။ စပါးလင် တစ်ပိုင်းကိုလည်း ထုချေထားပါ။
- ငါးခေါင်းကို ဆား ၊ နနွင်း၊ ငံပြာရည် ထည့်နယ်ထားပါ။ ငုံးဥပြုတ်ထားပါ။ မျှစ်ကိုရေစိမ်ထားပါ။
- ချက်မယ့်အိုးထဲ ငါးခေါင်းထည့်၊ ဆီ ဇွန်းသေး ၁ ဇွန်းထည့်၊ ကြက်သွန်ထောင်းထည့်၊ စပါးလင်ထည့် ၊ ခရမ်းချဉ်သီးထည့်၊ ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ ။
- ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ။ ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ။
- ငါးခေါင်းနူးလာရင် မှို၊ မျှစ်၊ ငုံးဥထည့်၊ နံနံ၊ ငြုပ်စိမ်း၊ ပင်စိမ်းအုပ်ပါ။ ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော်။
Credit: Mi Shwe Kwet