ငါးသံပုရာပေါင်းအတွက် Seabass လို့ခေါ်တဲ့ ကကတစ်ငါးက အကောင်းဆုံးပါပဲ။ အသားပိုချိုသလို အနံ့လည်း ကောင်းပါတယ်။ အသားလည်းပိုများတယ်။ ငါးကြင်း၊ တီလားဗီးယားတို့နဲ့လည်း အဆင်ပြေပါတယ်။
ပါဝင်ပစ္စည်းများ
- ကကတစ်
- စပါးလင် – တစ်ချောင်း
- ဆား
- ဟင်းခတ်မှုန့်၊
- ငံပြာရည်
- ကြက်သွန်ဖြူ – ၅မွှာ
- ငရုတ်သီးစိမ်း
- ဖက်ဖယ်ရွက်
- ပင်စိမ်းရွက်
- သကြား
- ပူစီနံ
- နံနံပင်
- သံပုရာသီး
ပြုလုပ်နည်း
ကကတစ် အနေတော် တစ်ကောင်ကို ကြေးခွံ ခါပြီး ဆားနဲ့ ရေဆေးပါ။ အမြီးအစွန်နဲ့ အတောင်ပံတွေကို ဖြတ်ထုတ်ပါ။ ဗိုက်ခွဲပါ။
စပါးလင် တစ်ချောင်းကို ၃ ပိုင်းဖြတ် ၊ ပါးဟပ်ထဲ တစ်ပိုင်းထည့် ၊ ဗိုက်သားထဲ ၂ပိုင်းထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ငံပြာရည်တို့ဖြင့် နယ်ထားပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာ ၊ ငရုတ်သီးစိမ်း အနေတော် ၊ စပါးလင် လက်၂ဆစ်ခန့် ၊ ဖက်ဖယ်ရွက် ၊ ပင်စိမ်းရွက်တို့ကို ညက်နေအောင် အတူ ရောထောင်းပါ။
ရောထောင်းတဲ့ ပစ္စည်းကို ဆား ၊ သကြား ၊ ငံပြာရည် ၊ ညှပ်ထားသော ပူစီနံ ၊ နံနံပင်တို့ကို ရေကျက်အေး အနည်းငယ်ဖြင့် ဖျော်ထားပါ။
သံပုရာသီး ညစ်ထည့်ပါ။ အပေါ့အငံ လိုသလို မြည်းကြည့်ပါ။
ငါးပေါင်းရန်
1. ဒယ်အိုးထဲမှာ ရေပေါ်ကို တူ (သို့မဟုတ်) သစ်သား တစ်ခုခု တင်ထားပြီး ငါးပန်းကန်ကို တင်ထား၍ ၁၅ မိနစ်ခန့် အဖုံးပိတ်ထားပြီး ပေါင်းထားပါ ။ ငါးထဲမှ အရည်များ ထွက်ကျ လာပါလိမ့်မယ်။
2. ငါးကျက်ပြီးလျှင် အဖုံးဖွင့် ၊ စောနက ဖျော်ထားတဲ့ အစာပလာများကို ငါးပေါ်ကို ဖြန့်အုပ်ထားပြီး အဖုံးပြန်ပိတ်ကာ ၅ မိနစ်ခန့် ထပ်ပေါင်း လိုက်ပါ ။ မွှေးကြိုင်တဲ့ ငါး သံပုရာပေါင်းကို ရပါပြီ။
3. အနံ့ သင်းနေအောင် စားခါနီးမှာ သံပုရာ ကွင်းလေးများ အပေါ်မှာတင်ပြီး နံနံပင် အနည်းငယ် အုပ်လိုက်ရင် ပိုလန်းသွားပါမယ်။
Royal Sai လူမင်းသား – မြန်မာလက်ရာဒံပေါက်
အမှတ် (4-C) မြင်သာ ၁၁ လမ်းနှင့် သံသုမာလမ်းဒေါင့် ၁၄ ရပ်ကွက် တ/ဥက္ကလာပ။ ဖုန်း – 09256142929, 09780978070
Ref : Blessing YynRichard Photo Credit: Yatharcho