အစပ်ပါမှ ခံတွင်းတွေ့သူများအတွက် ဤဟင်းလျာလေးက အထူးအကြိုက်တွေ့နိုင်ပါတယ်။ ပါဝင်ပစ္စည်းများများစားစားမပါဘဲ အရသာရှိတဲ့အရံဟင်းတစ်မယ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ အစပ်ဟင်းလေးကိုမှ စားလိုသူများအတွက် လွယ်ကူသက်သာစွာ ပြုလုပ်နိုင်မည့် အသုပ်တစ်မျိုးဖြစ်တဲ့အတွက် အိမ်ရှင်မများသာမက ကျားမ မရွေး ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ငရုတ်သီးအစိမ်းတောင့် – ငါးကျပ်သား

ရှောက်ရွက်နုနု – ၁၀ ရွက်

ကြက်သွန်နီ –  နှစ်ဥ

မျှင်ငပိ (အချိုစား) – ကွမ်းသီးလုံးခန့်

ပုစွန်ခြောက်မှုန့် –  နှစ်ကျပ်သား

သကြား၊ ဆား – အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ငရုတ်သီးစိမ်းကိုအညှာခြွေ ရေဆေးပြီး နူးရုံလေးပြုတ်ပြီးလျှင် စဉ်းကောလုပ်ထားပါ။ ကြက်သွန်နီကိုအခွံနွှာ ထက်ခြမ်းခြမ်း၍ ပါးပါးလှီးပြီးရေဆေးပါ။ ရှောက်ရွက်ကိုလည်းရေဆေးကာပါးပါးလှီးထားပေးရပါမယ်။ မျှင်ငါးပိကိုကျက်အောင်မီးကင်ထားပါ။ ပြီးလျှင် ပန်းကန်တစ်ခုထဲမှာစဉ်းကောလုပ်ထားသည့် ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ရှောက်ရွက်၊ ပုဇွန်ခြောက်မှုန့်၊ မျှင်ငါးပိ၊ သကြားနှင့် မျှင်ငါးပိပါတဲ့အတွက် ဆားကိုသင့်ရုံသာထည့်၍ ဇွန်းဖြင့်သမအောင် နယ်ပါ။ အစပ်ကြိုက်တတ်သူများအတွက် ရှောက်ရွက်ရနံ့လေး မွှေးပျံ့နေတဲ့ငရုပ်သီးစိမ်းသုပ်ပြင်ဆင်လို့ပြီးပါပြီ။