အားလုံးပဲ မင်္ဂလာပါ။ အာဟာရပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ငါးကို သံပုယိုရည်ရဲ့ချဉ်တဲ့အရသာနဲ့ ငရုတ်သီးရဲ့အစပ်အရသာတို့ကို အချိုးကျကျပေါင်းစပ်ပြီး ငါးအစပ်ကြော် ဘယ်လိုကြော်စားနိုင်မလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ညှက်နေအောင် ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Source: istockphoto.com

  • အလယ်အလတ်အရွယ်အစားရှိ ငါး ၃ ကောင်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးမှုန့်၊ ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူအနှစ်များ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်၊ မဆလာမှုန့်၊ သံပုယိုရည်နှင့် ရေတို့ကို ပျစ်နေသော အနှစ်များရသွားအောင် ရောမွှေလိုက်ပါ။

၂။ ရရှိလာသော အနှစ်များကို ရေဆေးပြီးသန့်စင်ထားသော ငါးများပေါ်သို့ လောင်းချလိုက်ပါ။ အသားထဲသို့ အနှစ်များစိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၃၀ ခန့် စိမ်ထားရပါမယ်။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက အိုးထဲသို့ ငါးများ ထည့်ကြော်လိုက်ပါ။ ၇ မိနစ်၊ ၈ မိနစ်ခန့်ကြာမှ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၇ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

ကြော်ထားသော ငါးများ ရွှေညိုရောင်ပြောင်းသွားပါက ဆီပူထဲမှ ဆယ်ယူလိုက်ပါ။ ထိုငါးကြော်အစပ် ပူပူလေးကို ထမင်းနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိသလို ထမင်းနဲ့မဟုတ်ဘဲ ငါးချည်းပဲ စားမယ်ဆိုရင်လည်း အင်မတန်အရသာရှိတာကြောင့် မိမိနှစ်သက်ရာနည်းလမ်းအသွယ်သွယ်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: recipefy.com