အာလူးချောင်းကြော်ဆိုရင်တော့ လူတိုင်းနီးပါး ကြိုက်ကြမှာပါ။ အာလူးချောင်းကြော်ကို ဆိုင်မှာစားရသလို Feeling မျိုးရအောင် အရသာရှိတဲ့ အာလူးချောင်းကြော်စပ်စပ်လေး လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အာလူးအကြီး – ၄ လုံးကို ရေဆေး၊ အခွံခွာပြီး ၁ စင်တီမီတာလောက် အချောင်းလေးတွေလှီးရပါမယ်။

အားလုံးလှီးပြီးရင် ခွက်ထဲရေထည့်ပြီး အာလူးတွေကို ၁၅ မိနစ် ထည့်စိမ်ထားရပါမယ်။

အချိန်ပြည့်ရင် အာလူးကို ရေ ၂ ခါ ထပ်ဆေးပေးပါ။ ရေဆေးပြီးရင် အာလူးကို အဝတ်အသန့်နဲ့ ခြောက်အောင်သုတ်ပြီး အာလူးထည့်ကြော်တဲ့ ဇကာထဲထည့်ပေးပါ။ ဒီလိုကြော်ဖို့အတွက် အာလူးထည့်ကြော်တဲ့ ဇကာတော့ ရှိမှဖြစ်မှာပါ။

ဇောက်နက်တဲ့ အိုးအကြီးထဲကို ဆီများများထည့်ပါ။ ဆီနည်းနည်းဆူလာပြီဆိုရင် ဇကာလိုက် ဆီအိုးထဲထည့်ပါမယ်။ ၈ မိနစ် ထည့်ကြော်ရပါမယ်။ ကြော်နေတဲ့အချိန်မှာ လက်နဲ့ ဇကာကို လှုပ်လှုပ်ပေးပါ။ အချိန်ပြည့်ရင် ဆီစစ်ပြီး ဇကာကိုထုတ်ကာ ဗန်းထဲကို အာလူးကြော်တွေ ဖြန့်ထည့်ပါ။

အစပ်လုပ်ဖို့အတွက် ငရုပ်သီးအခြောက်တောင့် – ၃ တောင့်နဲ့ ဆား – အနည်းငယ်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ငရုပ်စုံထဲထည့်ပြီး ထောင်းပါမယ်။ ကျေညက်နေအောင် အမှုန့်ဖြစ်သွားတဲ့အထိထောင်းပြီးရင် ရပါပြီ။

ဆီအိုးထပ်တည်ထားပြီး ခုနကအာလူးကြော်ထားတာတွေကို ဇကာထဲပြန်ထည့်ပါမယ်။ ပြီးရင် ဇကာလိုက် ဆီအိုးထဲ ထပ်ထည့်ပြီး ကြော်ပါမယ်။ အာလူးကြော် အရောင်လေးပြောင်းလာပြီဆိုရင်တော့ ဆီစစ်ပြီး ဇလုံထဲထည့်ပါ။ ပြီးတာနဲ့ ခုနကထောင်းထားတဲ့ ငရုပ်သီးအမှုန့်တွေကို ထည့်ပြီး သမအောင်နယ်လိုက်ပါမယ်။

အားလုံးပြီးပြီဆိုရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ဆိုင်မှာကြော်သလို အာလူးချောင်းအစပ်ကြော်ကို ရရှိသွားပါပြီ။

Source: www.recipe30.com