အားလုံးပဲ မင်္ဂလာပါ။ ရယ်ဒီမိတ်ပုစွန်ကင်တွေ စားမယ့်အစား အာဟာရပြည့်ဝပြီး အရသာလည်း အင်မတန်ရှိတဲ့ ပုစွန်ကင်စပ်စပ်လေးကို ကိုယ်တိုင်ကိုယ်ကျ မလုပ်စားကြည့်ချင်ကြဘူးလား။
အချိန်ပေးနိုင်တယ်ဆိုရင်တော့ အားလပ်ရက်လေးမှာ အိမ်သူအိမ်သားတွေနဲ့အတူတူ ပျော်ပျော်ပါးပါး လုပ်စားကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
• ပုစွန် အကောင်ကြီး ၁ ပေါင်ခန့်
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• သံလါင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
• သကြား (သို့) ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဖွန်း
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
• ပုစွန်ကင် ထိုးရန် တုတ်ချောင်း အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပုစွန်များ အခွံခွာပြီး ရေဆေးချိန်မှာ ဝါးတုတ်များကို ရေထဲတွင် စိမ်ထားလိုက်ပါ။
ဝါးတုတ် တစ်ချောင်းစီကို ပုစွန် ၃ ၊ ၄ ကောင်ခန့် ထိုးထားပြီးနောက် ဆား၊ ငရုတ်ကောင်းတို့ ဖြူးထားလိုက်ပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ သံပုယိုရည်၊ ငရုတ်နှစ်နှင့် သကြား (သို့) ပျားရည်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၃။ ထို့နောက် ပုစွန်များကို နယ်ထားသော ငရုတ်နှစ်များဖြင့် ညီညီညာညာသုတ်လိမ်းပေးလိုက်ပါ။ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၃၀ ခန့် စောင့်ပေးရပါမယ်။
၄။ မိနစ် ၃၀ ပြည့်တဲ့အခါမှာတော့ အကင်မီးဖိုကို အဆင်သင့်ပြင်ထားလိုက်ပါ။ အကင်မီးဖိုကို ဆီအနည်းငယ် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ပုစွန်များ ထည့်ကင်လို့ရပါပြီ။
ပုစွန်တစ်ဖက်စီကို တစ်မိနစ်၊ နှစ်မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ပြီး နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် ကင်ပေးလိုက်ပါ။ ပုစွန်များ ကွေးသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ရရှိလာတဲ့ ပုစွန်ကင်လေးကို ပန်းကန်ထဲပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ် ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရှိသလို ထမင်းနဲ့ တွဲစားမယ်ဆိုရင်လည်း ဗိုက်ပြည့်ပြီး အာဟာရပြည့်ဝစေမှာပါ။
Source: Koreanbapsang.com