အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ အရည်သောက်မပါဘဲ ထမင်းစားရတာက ခြောက်ကပ်ကပ်နိုင်လွန်းလှပါတယ်။ အရသာရှိရှိနဲ့ ထမင်းစားသောက်ချင်တယ်ဆိုရင်တော့ ဟင်းရည်တစ်မျိုးက မပါမဖြစ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းလွန်းလို့ ဆွေမျိုးမေ့သွားစေမယ့် အမဲသား ကင်ချီဟင်းရည် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၃/၄ ပေါင်ခန့် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခန့်
  • ကင်ချီ ပန်းကန်လုံး ၂ လုံးစာခန့်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ဖန်ခွက် ၃ ခွက်စာ
  • ငရုတ်နှစ်နှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းစီ
  • ပဲပြား ၂ တုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

အိုးတစ်လုံးထဲတွင် နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်ခန့် ထည့်ပြီးနောက် အမဲသားထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေပေးလိုက်ပါ။

ကင်ချီထပ်ထည့်ပြီး ၅ မိနစ်ခန့် မွှေပေးရပါမယ်။

ကျန်ရှိနေသော နှမ်းဆီနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ငရုတ်နှစ်နှင့် ငရုတ်သီးမှုန့်တို့ကို အိုးထဲသို့ ထည့်လိုက်ပါ။ ရေထပ်ထည့်ပြီးနောက် မီးအပူချိန်ကို လျော့လိုက်ကာ ၁၀ မိနစ်ခန့် တည်လိုက်ပါ။

ထို့နောက် ပဲပြားအတုံးများ ထပ်ထည့်ကာ ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် ထပ်တည်ထားရပါမယ်။

ဒယ်အိုးကို မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များ လောင်းထည့်လိုက်ပါ။

နောက်ဆုံးမှာတော့ ပူပူစပ်စပ်လေးနဲ့ အရသာရှိတဲ့ အမဲသား ကင်ချီဟင်းရည်ကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com