မျက်စိအားအထူးကောင်းမွန်စေသည့် ရုံးပတီးသီးသည် အစိမ်းအနေဖြင့်သာမက အကြော်၊ အချက်ပါစားသုံးနိုင်ပါတယ်။ မျက်စိအာရုံနည်းပါးသူများအတွက် အထူးသင့်တော်သည့် အစားအစာတစ်မျိုးဖြစ်သောကြောင့် စမ်းစားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီးနုနု – အတောင့် ၃၀
  • ကြက်သွန်နီ – သုံးဥ
  • ကြက်သွန်ဖြူဥကြီး – ၁၀ မြွှာ

Okra

  • ငရုတ်သီးစိမ်း – ၁၅ တောင့်
  • ဆား၊ သကြား – အနည်းငယ်
  • ဆီ – ငါးကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ရုံးပတီသီးများကိုရေအရင်ဆေး၍ အနေတော်အရွယ်တစောင်းလေးများပါးပါးလှီးပါ။

ကြက်သွန်နီကိုအခွံခွာရေဆေးပြီးပါးပါးလှီးပါ။ ကြက်သွန်ဖြူကိုလည်းအခွံနွာရေဆေးကာဓားပြားရိုက်ထားပါ။

ငရုပ်သီးစိမ်းကိုအညှာချွေရေဆေးပြီးထက်ခြမ်းခြမ်းထားပေးပါ။

ပြီးလျှင် ဒယ်အိုးထဲသို့ဆီထည့်ကာဆီပူလာလျှင် ကြက်သွန်အနီနှင့်အဖြူကိုထည့်ဆီသပ်ပါ။

ကြက်သွန်များရွှေဝါရောင်တောက်စပြုပြီးအနံ့မွှေးလာလျှင် ရုံးပတီသီး၊ ဆား၊ သကြားသို့မဟုတ် ဟင်းခတ်အချိုမှုန့်တို့ကိုထည့်၍သမအောင်မွှေပါ။

ရုံးပတီသီးနူးရန်အတွက် ရေကိုလက်ဖက်ရည်ပန်းကန် တစ်လုံးစာလောက်ထည့်ပြီးအဖုံးအုပ်တည်ပါ။

ခဏနေ၍ရေခန်းပြီးရုံးပတီသီးများလည်း နူးသွားပြီဆိုရင် ဟင်းအရသာမြည်းကာမီးဖိုပေါ်မှချလိုက်ပါ။

ငရုတ်သီးစိမ်းရနံ့လေးနှင့် သက်သတ်လွတ်ရုံးပတီသီးကြော် ကျက်ပါပြီ။